၀န်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းမယ့်ကိစ္စ ကချင်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်
2019.01.29
ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းရေးနဲ့ ပတ်သက်လို့ ပြည်နယ်လွှတ်တော်မှာ ဒီနေ့ မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်သွားပါတယ်။
လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီးဌာနကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီးဌာနအဖြစ် သီးခြားစီ ဖွဲ့စည်းဖို့ သမ္မတက ပေးပို့လာတဲ့ သဝဏ်လွှာအပေါ်မှာ ကန့်ကွက်သူ ၂ဦး ရှိတာကြောင့် မဲခွဲဆုံးဖြတ်ခဲ့တာပါ။
မဲပေးပိုင်ခွင့်ရှိသူ ၄၆ ဦးထဲမှာ ထောက်ခံသူ ၁၈ ဦး၊ ကန့်ကွက်သူ ၂၈ ဦးရှိတဲ့အတွက် ဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းဖို့ကိစ္စ ပျက်သွားတာဖြစ်ပါတယ်။
တဆက်တည်းမှာပဲ ပြည်နယ်အစိုးရအဖွဲ့မှာ လစ်လပ်နေတဲ့ ဝန်ကြီး ၃ဦး နေရာမှာ အစားထိုးခန့်အပ်မယ့် ဝန်ကြီးအသစ်တွေရဲ့ အမည်စာရင်းကိုလည်း လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးအဖြစ် ဦးကျော်ကျော်ဝင်း၊ လူမှုရေးဝန်ကြီးအဖြစ် လက်ရှိ စည်ပင် သာယာရေးဝန်ကြီး ဦးနေဝင်း၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးအဖြစ် ဦးဒါရှီလဆိုင်း၊ စည်ပင် သာယာရေးဝန်ကြီးနေရာမှာတော့ ဦးနော်လီ တို့ကို အမည်စာရင်းတင်သွင်းတာဖြစ်ပါတယ်။
ဝန်ကြီးတွေအဖြစ် အမည်စာရင်းတင်သွင်းခံရသူတွေဟာ NLD ပါတီ ရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေပဲ ဖြစ်ပါတယ်။ ဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းခံရသူတွေနဲ့ ပတ်သက်လို့ မနက်ဖြန် ပြည်နယ်လွှတ်တော် အစည်း အဝေးမှာ ဆွေးနွေးရမှာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့တာပါ။