တွင်းဝခွန်ကို ပြည်နယ်အတွက် သုံးဖို့ အဆို ကချင်လွှတ်တော် အတည်ပြု
2017.05.30

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်နဲ့ မိုးညှင်းမြို့နယ်တွေကထွက်တဲ့ ကျောက်မျက်ရတနာကို မှတ်ပုံတင်ချိန်မှာ ရာဖြတ်တန်ဖိုးအပေါ် ၂၀ ရာခိုင်နှုန်းကောက်ခံတဲ့ ရတနာအခွန် ဒေသအခေါ် တွင်းဝခွန်ကို ပြည်နယ်အတွက်သာ အသုံးပြုဖို့ တိုက်တွန်းကြောင်းအဆိုကို ဒီကနေ့ ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့ပါတယ်။
အဆိုရှင်ရဲ့တင်ပြချက်ဟာ အနာဂါတ်မှာ ကျင့်သုံးမယ့် ဖက်ဒရယ်ဒီမိုကရက်တစ်နိုင်ငံစနစ်အတွက် သင့်မြတ် တာကြောင့် ပြည်နယ်သားအားလုံးက ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း မိုးညှင်းမြို့နယ်ရဲ့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်း က ထောက်ခံဆွေးနွေးပါတယ်။
"ကျနော်တို့ တွင်းဝခွန်ကို ၂၀ ရာခိုင်နှုန်း ခံစားရရှိထိုက်တယ်လို့ ယူဆပါတယ်၊ အနာဂတ်မှာ သင့်မြတ်တဲ့အတွက်ကြောင့် ကျေနပ်အားရလိမ့် မယ်လို့လည်း မျှော်လင့်မိပါတယ်"
အဲဒီအဆိုနှင့် ပတ်သက်ပြီး ပြည်ထောင်စုအဆင့်မှာ ဆက်လက်ဆွေးနွေးရမယ့်ကိစ္စဖြစ်တာကြောင့် မှတ်တမ်းတင်ဖို့ ပြည်နယ်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦး H လအောင် က ရှင်းလင်းဖြေကြားပါတယ်။
ဒါပေမဲ့ အဆိုရှင် ဖားကန့်မြို့နယ်ရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလဆိုင်းက လက်မခံဘဲ လွှတ်တော် ရဲ့အဆုံးအဖြတ်ကို ခံယူခဲ့ရာမှာ တက်ရောက်လာတဲ့ ကိုယ်စားလှယ် ၄၈ ဦးမှာ ၄၅ ဦးက ထောက်ခံတဲ့အတွက် လွှတ်တော်က အတည်ပြုခဲ့ပါတယ်။
ဒီကနေ့ပြုလုပ်တဲ့ ကချင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ကြယ်ပွင့်ပြ မေးခွန်း အခု ၂၀ နဲ့ အဆို ၄ ခုကို လွှတ်တော်ကိုယ်စားလှယ်တွေက တင်သွင်းမေးမြန်းဆွေးနွေးခဲ့ကြပါတယ်။