မီးဘေးဒုက္ခသည်များအတွက် လွှတ်တော်ကိုယ်စားလှယ် များ ငွေလှူ
2016.02.16

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က မီးလောင်မှုကြောင့် နေအိမ်ပျက်စီးဆုံးရှုံးသွားကြတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် တွေက မီးဘေးဒုက္ခသည်တွေအတွက် ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အားလုံးက တစ်ရက်စာနေ့တွက် စရိတ်ကို ဒီကနေ့ လှူဒါန်းလိုက်ပါတယ်။
ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၅၃ ယောက်ရဲ့ တစ်ရက်စာ ချီးမြှင့်ငွေ ကျပ် ၂သောင်းစီကို စုပေါင်းပြီး ရရှိတဲ့ ငွေကျပ် ဆယ်သိန်းခြောက်သောင်းကို လှူဒါန်း တာဖြစ်တယ်လို့ မြစ်ကြီးနားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနေဝင်း က ပြောပါတယ်။
"ဒီနေ့ ကျနော်တို့လွှတ်တော် ပုံမှန်အစည်းအဝေးမှာ မီးဘေးသင့်နေတဲ့ ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆန်၊ ဧရာဝတီတိုင်း လပွတ္တာမြို့နယ် မီးဘေးအတွက်ကို ကျနော်တို့ ကချင်ပြည်နယ် လွှတ်တော်ကနေ ၁ဝ သိန်း ၆ သောင်းကို ကျနော်တို့အတည်ပြု လှူဒါန်းလိုက်ပါတယ်၊ မီးဘေးသင့်ပြည်သူတွေအတွက် ကျနော်တို့ များစွာစိတ်မကောင်းဖြစ်ရပါတယ်၊ ဒီထက်မက ပံ့ပိုးပေးနိုင်အောင်လည်း ကျနော်တို့ကြိုးစားပါမယ်"
အလားတူပဲ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၁၀၁ ဦးကလည်း ငွေကျပ်သိန်း ၂၀ ကျော်ကို မီးဘေးဒုက္ခသည်တွေအတွက် လှူဒါန်းဖို့ ဒီနေ့ကျင်းပတဲ့ လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
နမ့်ဆန် နဲ့ လပွတ္တာ မြို့နယ်တွေအပြင် တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ကျောက္ကာကျေးရွာ မှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက မီးလောင်မှုကြောင့် နေအိမ် ၃၀၀ ကျော် ပျက်စီးသွားပြီး လူဦးရေ ၁၈၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေပါတယ်။
မီးဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေးနဲ့ လတ်တလော စားဝတ်နေရေးအတွက် အစိုးရ၊ လွှတ်တော်နဲ့ လူမှုအဖွဲ့အစည်းတချို့က ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေပါတယ်။