ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ရွာသားတွေ သေဆုံး

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် နမ္မတီးဒေသ မရမ်းကျေးရွာနားမှာ အခြေစိုက်တဲ့ အမြှောက်တပ် (အမတ-၃၇၂) အနီးမှာ ဇန်နဝါရီ ၂၉ ရက်နေ့ မနေ့ည ၇နာရီလောက်က အစိုးရတပ် နဲ့ ကေအိုင်အေတပ်တွေကြား တစ်နာရီကြာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲကြောင့် မရမ်းကျေးရွာက ဦးအောင်နူးရဲ့ နေအိမ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဗုံးခိုကျင်းထဲမှာ ပုန်းအောင်းနေတဲ့ ဦးအောင်နူးရဲ့ဇနီး ဒေါ်နန်ဘူလုနဲ့ အသက် ၈ နှစ်အရွယ် သားကြီး မောင်ဂမ်ယော့တို့ နေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ ဦးအောင်နူးရဲ့ ညာဘက်လက်နဲ့ ညာဘက်ခြေထောက်၊ သူရဲ့သား အသက် ၂ နှစ်ကျော်အရွယ် မောင်လဆန်ရဲ့ ဘယ်ဘက်ခြေထောက်နဲ့ သူ့ရဲ့အဘိုး အသက် ၉၅ နှစ်အရွယ် ဦးဂျန်မော်ဒွဲရဲ့ တင်ပဆုံတို့မှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တဲ့အတွက် မြစ်ကြီးနားဆေးရုံကို အရေးပေါ်လူနာအဖြစ်တင်ပို့ပြီး ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org