ကချင်ဝန်ကြီးချုပ်လုံခြုံရေး ဗုံးပေါက်ကွဲမှု တစ်ဦးသေ၊ သုံးဦးဒဏ်ရာပြင်းထန်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်ယားကျေးရွာ အထွက်မှာ ဒီကနေ့မနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းရဲ့ ခရီးစဉ်အတွက် လုံခြုံရေးဆောင် ရွက်ပေးနေတဲ့ တပ်မတော်သားတစ်ဦးထံက လက်ပစ်ဗုံးပေါက်ကွဲတာကြောင့် တပ်သား တစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပါတယ်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း ကိုတွေ့ရစဉ် Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်ယားကျေးရွာ အထွက်မှာ ဒီကနေ့မနက်က  ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းရဲ့ ခရီးစဉ်အတွက် လုံခြုံရေးဆောင်ရွက်ပေးနေတဲ့ တပ်မတော်သားတစ်ဦးထံက လက်ပစ်ဗုံးပေါက်ကွဲတာကြောင့် တပ်သား တစ်ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားချိန်မှာ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ဖားကန့်မြို့ စုပေါင်းရုံးခန်းမမှာ လူထုနဲ့တွေ့ဆုံနေချိန်ဖြစ်ပြီး နန့်ယားကျေးရွာကို နေ့လယ်ပိုင်းမှာ ရောက်ရှိတာဖြစ်ပါတယ်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ဖားကန့်ခရီးစဉ်မှာ လုံခြုံရေးတာဝန်နဲ့ အတူလိုက်ပါလာတဲ့ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးချစ်ဦးက ပေါက်ကွဲမှုဖြစ်တဲ့အခြေအနေကို အခုလိုပြောပါတယ်။

"ခလရ ၁ဝ၂ က လမ်းလုံခြုံရေးယူဖို့ဆိုပြီးတော့ ကားပေါ်အထွက်မှာ ရင်ဘတ်မှာချိတ်ထားတဲ့ လက်ပစ်ဗုံးက ဖြူးထည့်ထားတော့ ပြုတ်ကျပြီးတော့ ကွဲတာဖြစ်ပါတယ်၊ လက်ပစ်ဗုံးကွဲပြီးတော့ တစ်ယောက်သေတယ်ပေါ့၊ ကျန်တဲ့လေးယောက် ဒဏ်ရာရတယ်လို့ အကြမ်းဖျင်းသိရပါတယ်၊ ကားပေါ်တက်တဲ့အချိန် စုမိလျှက်နဲ့ သုံးယောက်လေးယောက် ဒဏ်ရာရကုန်တာဖြစ်ပါတယ်"

ကချင်ပြည်နယ် ဝန်ကြီးချုပ်ရဲ့ဖားကန့် ခရီးစဉ်လုံခြုံရေးအတွက် မိုးကောင်း-ဖားကန့် ကားလမ်းမတစ်လျှောက် လုံခြုံရေးဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း ဦးဆောင်တဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေဟာ ဖားကန့်မြို့နယ် ဆိုင်းအောင်ကျေးရွာအနီးက ကမ်ခမ်စုပေါင်းမြေစာပုံပြိုကျတဲ့နေရာကို မနေ့ကသွားရောက် စစ်ဆေးခဲ့ပြီး သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို ငွေကြေးထောက်ပံ့လှူဒါန်းခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org