ကချင်ပြည်နယ် နောင်းမီကျေးရွာက ပြည်သူ့စစ်ခေါင်းဆောင် ပစ်သတ်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်က နောင်းမီကျေးရွာအဝင်ကို တွေ့ရစဉ်
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က နောင်းမီကျေးရွာအဝင်ကို တွေ့ရစဉ် (Photo: CJ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းက တနိုင်း-လီဒိုလမ်းမပေါ်က နောင်းမီကျေးရွာက စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးဖိုးကျော်ဟာ မေလ ၂၇ ရက် မနေ့ည ၁၁ နာရီခွဲလောက်က အမည်မသိ လူ ခုနစ်ဦးက ကားတစ်စီးနဲ့ ရောက်လာပြီးတော့ သေနတ်နဲ့ ပစ်သတ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။

အမည်မသိလူ ခုနစ်ဦးဟာ ဦးဖိုးကျော်ကို နေအိမ်ရှေ့ကိုခေါ်ထုတ်ပြီး ပစ်သတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို အတည်ပြု ပြောဆိုပါတယ်။

“ဖြစ်စဉ်လေးကတော့ သူတို့ပြောတာ မနေ့ည ၁၁ နာရီလောက်မှာ သူတို့က လာခေါ်ထုတ်တယ်။ အိမ်ရှေ့မှာ ခြံဝင်းထဲမှာပေါ့နော် အပြင်ကိုခေါ်ထုတ်ပြီး အဲမှာ ပစ်သတ်သွားတယ်ပြောတယ်။ သူတို့က ပြည်သူ့စစ်ဆိုတော့ လက်နက်အဖွဲ့အစည်းဆိုတော့ မသိဘူး။ ရွာထဲမှာနေပြီးမှ အဲဒါတော့မသိဘူးဗျာ။ ဘာကြောင့်ပစ်သတ်တယ်ဆိုတာတော့ မသိပါဘူး”

မနေ့က ပစ်ခတ်သတ်ဖြတ်မှုဟာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ လက်ချက်လို့ ယူဆကြောင်း လည်း နောင်းမီရွာသားတွေက ပြောပါတယ်။

ဒီပြောဆိုချက်နဲ့ပတ်သက်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို RFA က ဆက်သွယ် မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်သေးပါဘူး။

ပြီးခဲ့တဲ့မေလ ၂၆ ရက်နေ့ ညနေ ၄ နာရီ အချိန်လောက်ကလည်း နောင်းမီကျေးရွာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ရှဒူးဇွပ်ကျေးရွာက ပြည်သူ့စစ်ခေါင်းဆောင် ဦးမင်းဇင်သန့် နေအိမ်ဝန်းထဲကို ကချင်လွတ်မြောက်ရေး တပ်မတော် KIA ရဲ့ စစ်သားတွေက ဝင်ရောက်စီးနင်းဖို့ ကြိုးစားခဲ့ရာမှာ အဆင်သင့်စောင့်ဆိုင်းနေတဲ့ စစ်ကောင်စီ စစ်သားတွေက ပြန်လည်ပစ်ခတ်လို့ KIA စစ်သား လေးဦး ကျဆုံးခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။