ကျောက်မျက်ဥပဒေကြမ်းကို မြစ်ကြီးနားမှာ ကန့်ကွက် ဆန္ဒပြ
2018.02.28

၂၀၁၇ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းကို ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးကော်မတီက ဦးဆောင်ပြီး လူအင်အား ၂၀၀ ကျော်က ဒီကနေ့ မြစ်ကြီးနားမြို့မှာ ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။
အဲဒီ ကျောက်မျက်ဥပဒေမူကြမ်းဟာ လူတစ်စု ကောင်းစားရေးအတွက် ရေးဆွဲထားပြီး အများပြည်သူလူထုအကျိုး အတွက် ရရှိမှု အားနည်းတာကြောင့် ဆန္ဒပြရတာဖြစ်တယ်လို့ ဆန္ဒပြခေါင်းဆောင်တွေက ဆိုကြပါတယ်။
အကြီးစားလုပ်ကွက် အလိုမရှိ၊ စက်ယန္တရားကန့်သတ်ရေး အမြန်လုပ်ပေး၊ ကျောက်မျက်ဥပဒေ အမြန်ပြဋ္ဌာန်းပေးရေး၊ တိုင်းရင်းသားများ ကျောက်မျက်ထုတ်လုပ်ရေးကဏ္ဍ တန်းတူအခွင့်အရေးရရှိရေး စတဲ့ ပိုစတာတွေ ကိုင်ပြီး ဆန္ဒပြ ခဲ့ကြတာဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာ ၂၀၁၇ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းကို ပြည်ထောင်စုအဆင့် လွှတ်တော် နှစ်ရပ်မှာ ညှိနှိုင်း ဆွေးနွေးနေပြီး အဲဒီဥပဒေကြမ်းမှာ အလတ်စား၊ အသေးစား နဲ့ လက်လုပ်လက်စား လုပ်ကိုင်ခွင့် တွေ ပါဝင်တယ်လို့ သိရပါတယ်။
ကျောက်မျက်ဥပဒေကို ၁၉၉၅ ၊ ၂၀၀၃ နဲ့ ၂၀၁၆ ခုနစ်တွေမှာ ပြင်ဆင်ခဲ့ပြီး အခုတစ်ကြိမ် ပြည်ထောင်စုလွှတ်တော် မှာ ပြင်ဆင်ပြဋ္ဌာန်းနိုင်ဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။