စစ်တပ် ပစ်ခတ်မှုရပ်ဖို့ မန်စီမြို့ခံတွေ ပြည်နယ် ဝန်ကြီးချုပ်ထံ စာပို့


2015.09.30
govt-army-620.jpg ကချင်ပြည်နယ်အတွင်းမှာ အစိုးရတပ်သားတချို့ ကင်းလှည့်နေစဉ်
Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်အတွင်း အစိုးရတပ်နဲ့ KIA ကြား တိုက်ပွဲတွေ ဖြစ်ပွားနေရာမှာ အစိုးရတပ်က မန်စီမြို့တွင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာရပ်တန့်ဖို့ မြို့လူထု၊ အရပ်ဘက်အဖွဲ့အစည်းတွေ နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တချို့က ပြည်နယ်ဝန်ကြီးချုပ်ထံ စာပေးပို့ခဲ့ပေမဲ့ အစိုးရတပ်က ဆက်လက် ပစ်ခတ်နေတယ်လို့ မန်စီမြို့ခံတွေက ပြောပါတယ်။

တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့ စက်တင်ဘာလ၂၅ ရက်နေ့က စာပေးပို့ခဲ့ပေမယ့်၊ စက်တင်ဘာ ၃ဝ ရက် နေ့အထိ မန်စီမြို့တွင်း နေရာ ၄ နေရာကနေ KIA ဘက်ကို ဆက်လက်ပစ်ခတ်နေတာလို့ သိရပါတယ်။ အထူးသဖြင့် မြို့လယ်ဘုရားကုန်းကနေ လှမ်းပစ်နေတာဖြစ်တယ်လို့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ စုပေါင်းဖွဲ့စည်းထားတဲ့ အရပ်သားအကာအကွယ်ပေးရေးအဖွဲ့က ကိုအောင်မျိုးဆန်း က ပြောပါတယ်။

"မြို့တွင်းဘုရားကုန်းကနေ လက်နက်ကြီးတွေ မပစ်ပေးဖို့အတွက် ကျနော်တို့လက်မှတ်ထိုးပြီး ဝန်ကြီးချုပ်ဆီ စာတင်တယ် အဲ့ဒါတွေတော့ရှိတယ်၊ ဒါပေမဲ့ ဒီနေ့ဒီအချိန်အထိတော့ ဘာမှပြန်ပြီး ကျနော်တို့ကို အကြောင်းပြန်လာတာတော့မရှိသေးဘူး တောက်လျှောက်ပစ်နေတယ်ပေါ့နော်၊ ဆိုတဲ့အခါ တစ်ဘက် မှာဒေသခံတွေရဲ့ စိုးရိမ်မှုတွေကလည်း တော်တော်ရှိတယ်ဗျ၊ ကျနော်တို့ကိုယ်တိုင် လက်နက်ကြီးပစ် တဲ့ဘေးမှာ သွားနေ ခဲ့တယ်ပေါ့နော်၊ လက်နက်ကြီး တစ်ချက်တစ်ချက်ပစ်လိုက်ရင် ဘေးမှာရှိတဲ့အိမ်တွေက တကယ်လို့များ အလုံး တစ်ရာ နှစ်ရာသာပစ်လိုက်ရင်တော့ ပြိုကျနိုင်တဲ့အခြေအနေရှိတယ်"

အစိုးရတပ်က ဘုရားကုန်းကနေ ပစ်ခတ်နေတာကို အရပ်သားကာကွယ်ရေးအဖွဲ့က မှတ်တမ်းတင်ထားရာမှာ စက်တင်ဘာလ ၃ဝ ရက်နေ့က အချက်ပေါင်း ၄ဝ ကျော် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၃ဝ ရက်နေ့က မြို့နဲ့ ၂ ဖါလုံခန့်အကွာ လုံဂျာပုံမှာလည်း ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိပါတယ်။

ဒီအတွင်း အစိုးရဘက်က ထုတ်ပြန်ချက်အရ စက်တင်ဘာလ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ တိုက်ပွဲ လေးကြိမ်ဖြစ်ပွားခဲ့ရာမှာ တပ်မတော်အရာရှိတစ်ဦးကျဆုံးပြီး စစ်သည်လေးဦး ဒဏ်ရာရရှိသလို၊ ဆွန်ဂျာနယ်မြေအတွင်း မိုင်းဖြစ်စဉ် လေးကြိမ်နဲ့ ထိတွေ့မှုခြောက်ကြိမ်ဖြစ်ပွားခဲ့ရာမှာ တပ်မတော်ဘက်က သုံးဦးကျဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

မန်စီမြို့ အခြေအနေနဲ့ပတ်သက်ပြီး အရပ်သားအကာအကွယ်ပေးရေးအဖွဲ့က ကိုအောင်မျိုးဆန်း ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။