ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စည်ပင်သာယာဆိပ်ကမ်းကနေ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက် ဆိပ်ကမ်းအထိ ဧရာဝတီမြစ်ကမ်းဘေးတလျှောက်မှာ အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးလှုပ်ရှားမှုကို ဒီကနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
ဧရာဝတီမြစ်ကမ်းဘေးမှာ ပြည်သူတွေအမှိုက်မပစ်အောင် အသိပညာပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင် တာဖြစ်တယ်လို့ ဒီကနေ့ သန့်ရှင်းရေးလှုပ်ရှားမှုကို ဦးဆောင်ပြုလုပ်တဲ့ ပေးဆပ်သူ အခမဲ့ လူမှုကူညီရေးအသင်းရဲ့ ဒုတိယဥက္ကဌ ဦးအောင်ထွန်းလင်းက ပြောပါတယ်။
"အမှိုက်ကနည်းနည်းလေးရှိတာနဲ့ကို တအားညစ်ပတ်နေတယ်၊ ဒါကြောင့် ကျနော်တို့က ပြည်သူတွေကို အမှိုက်ကိုမပစ်ရဘူး၊ စနစ်တကျ စွန့်ပစ်ရမယ်ဆိုတာကို အသိပညာပေးချင်တာရယ်၊ အမှိုက်ကို ရှင်းလိုက် ရင် မြစ်ကြောင်းကိုကောင်းမွန်ဖို့ ထိန်းသိမ်းတာရယ်၊ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်တယ်ဆိုပြီး ဒါကိုလုပ်ချင်တာရယ်ကြောင့်ပါ"
နောက်ပိုင်းမှာလည်း အဖွဲ့ဝင်တွေ အားလပ်တဲ့ အခြေအနေတွေပေါ်မူတည်ပြီး မြစ်ကြီးနားမြို့ ရပ်ကွက်တွေထဲမှာ သန့်ရှင်းရေးလုပ်ငန်းတွေကို ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဒီကနေ့ စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာမှာ မြစ်ကြီးနား ပညာရေးကောလိပ်က သင်တန်းသားတွေလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
အဲဒီ စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးလှုပ်ရှားမှုကို ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နဲ့ ဝန်ကြီးတွေ၊ ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌနဲ့ NLD ပါတီဝင်တချို့၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ မြစ်ကြီးနား မြို့ခံတွေ၊ ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းတချို့နဲ့ စိတ်ပါဝင်စားတဲ့ ပရဟိတအဖွဲ့တွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။