ငြိမ်းချမ်းရေးညီလာခံနီးလို့ တိုက်ပွဲဖြစ်တာမဟုတ်ကြောင်း ကချင်လုံနယ်ဝန်ကြီး ပြော


2017.12.28
thura-myotin-622 ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင် ကို ၂ဝ၁၇ ခုနှစ် မေလ ၂၁ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Myo Min/ RFA

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ပြုလုပ်ခါနီးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ခေါင်းညိတ်လက်ခံ လာအောင် စစ်ရေးအရဖိအားပေးပြီး တိုက်ပွဲတွေဖြစ်နေတယ်ဆိုတဲ့ ထင်မြင်ယူဆချက်ဟာ မှားယွင်းတဲ့အမြင်ဖြစ် တယ်လို့ ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က ပြောပါတယ်။

ကချင်ပြည်နယ်မှာ လတ်တလောဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ RFA က ဒီကနေ့ တွေ့ဆုံမေးမြန်း ရာမှာ ဗိုလ်မှူးကြီး သူရမျိုးတင် က အဲဒီလို ထည့်သွင်းဖြေကြားခဲ့တာဖြစ်ပါတယ်။

"မကြာခင်မှာ ကျင်းပပြုလုပ်တော့မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ တဖက်အဖွဲ့အစည်းတွေက ခေါင်းညိတ်လာအောင်၊ လက်ခံလာအောင် စစ်ရေးအရ ဖိအားပေးပါတယ်ဆိုတဲ့ အမြင်မျိုးကတော့ မှားယွင်းတဲ့ အမြင်လို့ပဲ ကျနော် ပြောလိုပါတယ်ခင်ဗျ။ ကျနော်တို့ တပ်မတော်အနေနဲ့ကတော့ နိုင်ငံကိုကာကွယ်ရပါမယ်။ နိုင်ငံ့ရဲ့ သယံဇာတ မြေပေါ်မြေအောက် စတာတွေကို ကျနော်တို့ ကာကွယ်ဖို့အတွက် တာဝန်ရှိပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ရှင်းလင်းဆောင်ရွက်ရတာရှိပါတယ်။ စစ်ရေးသဘောအရတော့ လက်နက်ကိုင်တွေရဲ့ သဘောတရားအရ ပြောရမယ်ဆိုလို့ရှိရင်တော့ ထိတွေ့တယ်၊ တိုက်ပွဲဖြစ်တယ်ဆိုလို့ရှိရင် သူက စလို့၊ ငါက စလို့ ဆိုတဲ့ အတွေးအမြင် အပြောအဆိုမျိုးရှိပါတယ်။ ဒါ သမိုင်းကြောင်းတလျှောက်လုံးမှာရော၊ ဒီဘက်ကာလ တလျှောက်လုံးမှာရော တွေ့ပြီးသားဖြစ်ပါတယ်"

ဝိုင်းမော်မြို့နယ် လိုင်ဇာပတ်ဝန်းကျင်တဝိုက်မှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတပ်ဖွဲ့တွေအကြား နှစ်ဖက် ရင်ဆိုင်တိုက်ပွဲတွေ မရှိကြောင်းနဲ့ တနိုင်းဒေသဘက်မှာတော့ ရွှေနဲ့ သဘာဝသယံဇာတ ပစ္စည်းတွေကို ထုတ်ယူ မှုတွေရှိလို့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

တိုက်ပွဲတွေဖြစ်ပွားရာ ဒေသတွေက ပြည်သူတွေကို အစိုးရနဲ့ တပ်မတော်က အတင်းအဓမ္မ နေရာပြောင်းရွှေ့ခိုင်း တာမျိုးတွေ မလုပ်ဆောင်ဘူးလို့လည်း ဗိုလ်မှူးကြီး သူရမျိုးတင်က ပြောပါတယ်။

စစ်ပွဲတွေဖြစ်ပွားနေတဲ့ နှစ်ကာလတွေအတွင်း အခုလို ပွင့်လင်းရာသီချိန်မှာ အစိုးရတပ်မတော်ရော ကေအိုင်အေ အဖွဲ့ကပါ နှစ်ဘက်လုံးက စစ်ရေးလှုပ်ရှားမှုတွေကို သိသိသာသာ ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၁ ကစလို့ တကျော့ပြန်စစ်ပွဲတွေ ပြန်ဖြစ်လာချိန်ကစပြီး တိုင်းလိုင်၊ တိုင်းခန္တီး၊ တိုင်းလေ၊ တိုင်းလုံ၊ တိုင်းဆာ စတဲ့ ရှမ်းမျိုးနွယ်စုတွေ၊ ဂျိန်းဖော၊ လီဆူ၊ ရဝမ်၊ လော်ဝေါ်၊ လာချိတ်၊ ဇိုင်ဝါး စတဲ့ ကချင်မျိုးနွယ်စုတွေ၊ ဗမာ စတဲ့ တိုင်းရင်းသားတွေနဲ့ နိုင်ငံသားတွေဟာ စစ်ဘေးဒဏ်ကို ခံစားနေရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။