ကချင်တောင်သူတွေ မြစ်ကြီးနား မှာ ဆန္ဒပြ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လယ်ယာမြေအရေး လှုပ်ရှားသူတွေ အပါအဝင် တောင်သူတစ်ရာကျော်ဟာ အမျိုးသား မြေအသုံးချမှုမူဝါဒ မူကြမ်းကို ဒီနေ့ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
-
2014-11-28 -
-
-
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လယ်ယာမြေအရေး လှုပ်ရှားသူတွေအပါအဝင် တောင်သူတစ်ရာကျော်ဟာ အမျိုးသား မြေအသုံးချမှုမူဝါဒ မူကြမ်းကို ဒီနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာ ရင်ဆိုင်နေရတဲ့ လယ်ယာမြေ သိမ်းဆည်းမှုတွေကို ဘယ်လိုဖြေရှင်းမယ်ဆိုတာကို ထည့်သွင်းရေးဆွဲထားခြင်းမရှိတဲ့အတွက် အမျိုးသားမြေ အသုံးချမှုမူဝါဒ မူကြမ်းကို ကန့်ကွက်တာဖြစ်တယ်လို့
ဆန္ဒပြရာမှာပါဝင်တဲ့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။
"တိုးတိုးတိတ်တိတ်နဲ့ ထွက်လာတဲ့ ဒီမူကြမ်း ကို လေ့လာကြည့်တဲ့အခါကျတော့ သယံဇာတ ထုတ်ယူမှုနဲ့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုကို အဓိကထားပြီးတော့ ရေးဆွဲထားတာတွေ့ရတယ်၊ လက်ရှိဖြစ်နေတဲ့ တောင်သူတွေလည်း လယ်ဆုံးရှုံးနေရတယ်၊ မြေဆုံးရှုံးနေရတယ်၊ နည်းမျိုးစုံနဲ့ ဆုံးရှုံးနေရတဲ့ပြဿနာကို မဖြေရှင်းပဲနဲ့ ဒီမူကြမ်းကို ဥပဒေရေးဆွဲတော့မယ်ဆိုရင် ကျမတို့ တောင်သူတွေ အရမ်းနစ်နာသွားနိုင်တယ်"
ဆန္ဒပြပွဲမှာ မြစ်ကြီးနား၊ မိုးညှင်း၊ ဟိုပင်၊ မိုးကောင်း၊ နမ္မတီးစတဲ့ မြို့တွေက တောင်သူတွေ ပါဝင်ခဲ့ကြပါတယ်။
အမျိုးသားမြေအသုံးချမှု မူဝါဒ မူကြမ်းကို ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်တဲ့ မြေယာခွဲဝေအသုံးချမှု စိစစ်ဆောင်ရွက်ရေးကော်မတီနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ ပူးပေါင်းရေးဆွဲခဲ့တာဖြစ်ပါတယ်။
အဲဒီမူကြမ်းအပေါ် အရပ်ဘက်အဖွဲ့အစည်း ၄၀ နီးပါးကလည်း ကန့်ကွက်ထားပါတယ်။ အစိုးရတာဝန်ရှိသူတွေက တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုမှာ မူကြမ်းအပေါ် လူထုအကြံပြုချက်တွေကို ကောက်ယူနေပါတယ်။