နှစ်ရက်အတွင်း သိန်းပေါင်း ၂သောင်းကျော်ရှိတဲ့ မူးယစ်ဆေး ဖမ်းမိ
2017.10.24

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့နှစ်ရက်အတွင်း ငွေကျပ်သိန်းပေါင်း နှစ်သောင်းကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီဖမ်းဆီးရမိမှုဟာ ဒီနှစ်အတွင်း အများဆုံးဖမ်းဆီးရမိတာဖြစ်တယ်လို့ ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဦး က ပြောပါတယ်။
"ပထမနေ့က မိတာကတော့ဗျာ ကားထဲမှာ သူက သိုဝှက်ပြီး သယ်လာတာပေါ့။ နောက် ၂၃ ရက်နေ့ကျ တရားခံ အားတီ နေတဲ့အိမ်က ဘိန်းဖြူဆပ်ပြာခွက်က ၂၂၄ ခွက်ဗျ။ နောက်တစ်ခါ ဆေးပြားက ၉၆၀၀၀။ စုစုပေါင်း နှစ်ရက်ပေါင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေရဲ့ တန်ကြေးကတော့ ကျပ်သိန်းပေါင်း ၂၃,၄၇၅ ဒသမ ၆ သိန်းပေ့ါ။ အမြစ်ပြတ်အောင်တော့ ဖော်ထုတ်နေတာပဲဗျာ"
ဖားကန့်မြို့နယ် လုံးခင်းရွာအဝင် လယ်ပြင်ဂိတ်မှာ အောက်တိုဘာလ ၂၂ ရက်နေ့က ဆပ်ပြာခွက်ထဲထည့်လာတဲ့ ဘိန်းဖြူထည့်ထားတဲ့ခွက် တစ်ရာကျော်၊ စိတ်ကြွဆေးပြား နှစ်သိန်းကျော် နဲ့ ဘိန်းဆီခဲ အထုပ် လေးဆယ်ကျော်ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဖမ်းဆီးရမိသူတွေကို ဆက်စပ်ဖော်ထုတ်မှုတွေအရ အောက်တိုဘာလ ၂၃ ရက်နေ့မှာ ဘိန်းဖြူဆပ်ပြာခွက် နှစ်ရာကျော် နဲ့ ဆေးပြား ၉သောင်းကျော် ကို ထပ်မံဖမ်းဆီးမိတာဖြစ်ပါတယ်။
အဲဒီအမှုမှာ လက်ရှိ လူနှစ်ယောက်၊ ကားနှစ်စီး နဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးထားပြီး ဆက်လက် စုံစမ်း စစ်ဆေးနေတယ်လို့ဆိုပါတယ်။
မူးယစ်ဆေးဝါးမျိုးစုံကို ရှမ်းပြည်နယ်ကနေ ဖားကန့်ဒေသဘက်ကို အများဆုံးသယ်ယူရောင်းချမှုတွေ ပြုလုပ်နေကြ တာဖြစ်တယ်လို့ သိရပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသဟာ ကျောက်စိမ်းအရိုင်းတုံးတွေကို နည်းမျိုးစုံနဲ့ တူးဖော်ထုတ်လုပ်ရောင်းချမှုတွေနဲ့ အတူ ဒေသအသီးသီးကနေ မူးယစ်ဆေးဝါးမျိုးစုံကို သယ်ယူရောင်းဝယ်သုံးစွဲနေကြတဲ့ နယ်မြေတစ်ခုဖြစ်နေ ပါတယ်။