ကချင်မှာ ဆိုင်ကယ်လိုင်စင် လုပ်သူနည်းနေ
ကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တွေကို အခုလ ၂၃ ရက်နေ့ကစပြီး လိုင်စင်တွေပြု လုပ်ပေးနေပေမယ့် လာရောက်လုပ်ကိုင်နေသူတွေ နည်းနေသေးတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးက ပြောပါတယ်။
-
2017-01-27 -
-
-
ကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တွေကို အခုလ ၂၃ ရက်နေ့က စပြီး လိုင်စင်တွေပြုလုပ်ပေးနေပေမယ့် လာရောက်လုပ်ကိုင်နေသူတွေ နည်းနေသေးတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက ပြောပါတယ်။
ပြီးခဲ့တဲ့ သုံးရက်အတွင်းမှာ လိုင်စင်လာလုပ်သူ အရေအတွက်ဟာ တစ်ရက်ကို ၆၀ ကျော်လောက်ပဲ ရှိနေသေးပြီး ဘာကြောင့်လဲဆိုတာ အဖြေရှာလို့ မရသေးဘူးလို့ ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့် က RFA ကိုပြောပါတယ်။
"ပထမ ၃ ရက်ပေါ့နော်၊ ကျနော်တို့ လုပ်လာတဲ့အခါမှာတော့ တစ်ရက်ကို ၆ဝ ကျော် ၇ဝ လောက်ပဲလာလုပ် တာ၊ သတ်မှတ်ထားတဲ့ ဈေးနှုန်းကပဲ တစ်ခုခုများ၊ များနေတာ ပြုနေတာကြောင့်မို့လားဆိုတာတော့ အခုမှ စလုပ်စ ဆိုတော့ သေသေချာချာတော့ ဂဃနဏ မသိရသေးဘူး"
လိုင်စင်မဲ့ဆိုင်ကယ်တွေကို လာမယ့် မတ်လ ၃၁ ရက်နေ့အထိ လိုင်စင်ထုတ်ပေးမှာဖြစ်ပြီး သတ်မှတ်ကာလအတွင်း လိုင်စင်မလုပ်တဲ့ဆိုင်ကယ်တွေကို တရားမဝင်ဆိုင်ကယ်အဖြစ် သတ်မှတ်ပြီး ဥပဒေအရ အရေးယူသွားမယ် လို့ ပြောပါတယ်။
လိုင်စင် စတင်လုပ်ပေးတဲ့နေ့ကနေ ဒီကနေ့အထိ လိုင်စင်လာလုပ်တဲ့ ဆိုင်ကယ်ပေါင်း ၃၀၀ လောက်ရှိနေပြီဖြစ် တယ်လို့ သိရပါတယ်။
ပြည်နယ်အတွင်းမှာ အသုံးပြုမောင်းနှင်နေကြတဲ့ ဆိုင်ကယ်အများစုဟာ တရုတ်နိုင်ငံကနေ တင်သွင်းလာတဲ့ ဆိုင်ကယ်တွေဖြစ်ပြီး အဲဒီဆိုင်ကယ်တွေအတွက် တစ်စီးချင်း စည်းကြပ်နှုန်းနဲ့ ကညန အခွန်ကြေးတွေများနေတယ် လို့ ပြည်သူတွေအကြားမှာ ပြောဆိုမှုတွေရှိပါတယ်။
ပြည်နယ်အစိုးရဘက်က ဆိုင်ကယ်တွေကို လိုင်စင်လုပ်ပေးရာမှာ တရုတ်နိုင်ငံလုပ်ဆိုင်ကယ်တစ်စီးကို အမျိုးအစားနဲ့ မော်ဒယ်အပေါ်လိုက်ပြီး လိုင်စင်ကြေးနဲ့အခွန်ငွေအဖြစ် အနည်းဆုံး ခြောက်သောင်းကျော်ကနေ အများဆုံး တစ်သိန်းကျော်အထိ သတ်မှတ်ထားပါတယ်။
ဒါကြောင့် ဒေသခံ အများစုအသုံးပြုနေတဲ့ မော်ဒယ်နိမ့်တဲ့ တစ်ပတ်ရစ် ဆိုင်ကယ်တွေအတွက် လိုင်စင်လုပ်ရင် ကုန်ကျမယ့်စရိတ်ဟာ ဆိုင်ကယ်တန်ဖိုးရဲ့ ထက်ဝက်လောက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိုင်း၊ အိန္ဒိယ၊ ဗီယက်နမ်နိုင်ငံလုပ်ဆိုင်ကယ်တွေအတွက် နှုန်းထားကတော့ အနည်းဆုံး ရှစ်သောင်းကျော်ကနေ အများဆုံး နှစ်သိန်းကျော်အထိ ပေးဆောင်ရမှာဖြစ်ပြီး ဂျပန်နိုင်ငံလုပ် ဆိုင်ကယ်လိုင်စင်နှုန်းထားတွေကတော့ ကျပ်သုံးသိန်းကျော်ကနေ ရှစ်သိန်းကျော်အထိ သတ်မှတ်ထားပါတယ်။
ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဋ္ဌာနရဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလကုန်အထိ စာရင်းတွေအရ တပြည်နယ်လုံးမှာ လည်ပတ်အသုံးပြုနေတဲ့ မော်တော်ကား၊ ဆိုင်ကယ်နဲ့ ယာဉ်ယန္တရားစက်မျိုးစုံ စုစုပေါင်း တစ်သိန်းကျော် တရားဝင် လိုင်စင်ပြုလုပ်ပြီး မှတ်ပုံတင်ထားကြောင်း သိရပါတယ်။