တိုက်ပွဲတွေ ရပ်တန့်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးနိုင် ဖို့ နိုင်ငံတော်အတိုင်ပင်ခံထံ စာပို့
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲတွေရပ်တန့်ပြီး ငြိမ်းချမ်းရေးကို ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့အတွက် မြစ်ကြီးနား မြို့ အခြေစိုက် PCG ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ က နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာပေးပို့လိုက်ပါတယ်။
-
2016-10-01 -
-
-
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲတွေရပ်တန့်ပြီး ငြိမ်းချမ်းရေးကို ဆက်လက်အကောင်အထည်ဖော်နိုင် ဖို့အတွက် မြစ်ကြီးနားမြို့အခြေစိုက် PCG ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာပေးပို့လိုက်ပါတယ်။
ဝိုင်းမော်မြို့နယ်အတွင်း လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စာရေးသားပေးပို့ရတာ ဖြစ်တယ်လို့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဦးဆန်းအောင် က ပြောပါတယ်။
"အဲ့ဒါက ဒေါက်တာတင်မျိုးဝင်း ကနေတဆင့် ပေးပို့တာပါ၊ ဒေါ်အောင်ဆန်းစုကြည်က အဲ့ချိန်မှာ US မှာပဲရှိ ပါသေးတယ်၊ လူထုရဲ့ယုံကြည်မှုကို ရရှိဖို့အတွက်က ငြိမ်းချမ်းရေးဖြစ်စဉ်ကို တစ်လှမ်းခြင်း စလျှောက်နိုင်တဲ့ အနေအထားမျိုးဖြစ်တဲ့ကြောင်း၊ လူထုတွေလည်း ပါဝင်ဖို့အရေးကြီးတဲ့အကြောင်း ဒါတွေလည်း ပါဝင်ပါတယ်"
ဝိုင်းမော်မြို့နယ် ကဇူးကျေးရွာရဲ့ အရှေ့မြောက်ဘက် အင်ခရန်း တောင်ကြောတလျှောက် ကေအိုင်အိုဌာနချုပ်ရဲ့ အနီးပတ်ဝန်းကျင်မှာ စက်တင်ဘာလ လယ်ပိုင်းကစပြီး အစိုးရတပ်မတော်နဲ့ ကေအိုင်အေတပ်တွေအကြား ဒီကနေ့အထိ တိုက်ပွဲရက်ဆက်ဖြစ်ပွားနေတာဖြစ်ပါတယ်။
အစိုးရရဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်တွေနဲ့ ကေအိုင်အေ တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၃ နဲ့ လှုပ်ရှားတပ်ရင်း ၂၅၂ တို့အကြား တိုက်ပွဲတွေဖြစ်နေတာလို့ ပြောပါတယ်။
ဝိုင်းမော်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းကို ကေအိုင်အေက မိုင်းဆွဲတိုက်ခိုက်လို့ တိုက်ပွဲဖြစ်ရတာလို့ အစိုးရတပ်မတော်က ပြောသလို အစိုးရတပ်ဘက်က အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်နေတာလို့ ကေအိုင်အေ ဘက်က ပြောထားပါတယ်။
ရက်ရှည်ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေအကြား နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
နှစ်ဘက် ထိုးစစ်ဆင်မှုတွေကို ရပ်တန့်ပြီး၊ မိုင်ထောင်တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ မလုပ်ကြဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က ဝိုင်းမော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇခေါင်ခမ်းရယ်က ပြည်နယ်လွှတ်တော်မှာ အရေးကြီးဆိုတင်သွင်းရာမှာ လွှတ်တော်က မှတ်တမ်းတင်ခဲ့ပါတယ်။