ကချင်ပြည်နယ်နေ့ အခမ်းအနား မြစ်ကြီးနားမှာ ကျင်းပ

ဇန်နဝါရီလ ၁၀ရက် ဒီကနေ့ ကျရောက်တဲ့ ၆၅နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားကို ကချင်ပြည်နယ် အစိုးရအဖွဲ့က ဦးစီးပြီး မြစ်ကြီးနားမြို့က အဲဒီအစိုးရအဖွဲ့ရုံး ရဲ့ ရှေ့မျက်နှာစာ မြက်ခင်းပြင်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

ဇန်နဝါရီ ၁၀ ရက်နေ့က ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့တွင် ကျင်းပသည့် ကချင်ပြည်နယ်နေ့ အခမ်းအနားကို တက်ရောက်လာသည့် တိုင်းရင်းသားများကို တွေ့ရစဉ်။
ဇန်နဝါရီ ၁၀ ရက်နေ့က ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့တွင် ကျင်းပသည့် ကချင်ပြည်နယ်နေ့ အခမ်းအနားကို တက်ရောက်လာသည့် တိုင်းရင်းသားများကို တွေ့ရစဉ်။ (Photo:RFA/Kyaw Myo Min)

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက သူ့ရဲ့ မိန့်ခွန်းမှာ ငြိမ်းချမ်းရေး အမြန်ဆုံးရမှသာ ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်တဲ့အတွက် တိုင်းရင်းသား ပြည်သူတွေအားလုံး ငြိမ်းချမ်းရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့လိုကြောင်း၊ ကေအိုင်အိုအဖွဲ့နဲ့လည်း တွေ့ဆုံဆွေးနွေးရေးကိစ္စတွေကို အလေးထားဆောင်ရွက်နေကြောင်း အခုလိုပြောကြားခဲ့ပါတယ်။

ကချင်ပြည်နယ်ရဲ့ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ဆိုရင် နယ်မြေအေးချမ်းမှုအပေါ်မှာ အခြေခံကြောင်း ယုံကြည်ထားပါတယ်။ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် တကယ်ကိုအဖွဲ့အစည်းများနဲ့ ငြိမ်းချမ်းရေးအကောင်အထည်ဖော်ဖို့အထိ ယနေ့အထိ ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှုများကို တစ်စိုက်မတ်မတ် အလေးထားဆောင်ရွက်လျှက်ရှိကြောင်း ပြောကြားလိုပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ ၆၅နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့တွေ၊ နိုင်ငံရေးပါတီအချို့ စတဲ့ အဖွဲ့စည်းအသီးသီးက ဒေသခံပြည်သူ စုစုပေါင်း ၁၀၀၀လောက် တက်ရောက်ခဲ့ကြပါတယ်။