ကဗျာဝမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူငယ်တချို့ ရုန်းရင်းဆန်ခတ်ဖြစ်၊ သေနတ်ပစ်ဖောက် လူစုခွဲရ


2018.04.15

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကဗျာဝကမ်းခြေမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူငယ်အဖွဲ့တွေ မနေ့ နေ့လည်ပိုင်းက ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရတယ်လို့ ကဗျာဝကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ကမ်းခြေမှာ ဈေးရောင်းချသူတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ အစည်းအဝေးလုပ်နေစဉ်မှာ အသံချဲ့စက် ကျယ်ကျယ် လောင်လောင်ဖွင့်တာကို သွားရောက်တားမြစ်စဉ် ဖြစ်ပွားတာလို့ ကဗျာဝကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံလင်း က ပြောပါတယ်။

"ရဲတွေက ဒီလိုလာလုပ်လို့ရပါ့မလား ဘာညာ၊ အရက်ကလည်း မူးနေတယ်၊ ထိန်းလို့မရ၊ သိမ်းလို့မရ၊ ၃ နာရီခွဲ လောက် သူတို့အုပ်စုနဲ့ ရဲကို သူတို့ M 150 ပုလင်းတွေနဲ့ အပြင်က လှမ်းပစ်တယ်၊ ရုံးရော ရဲရော၊ ရဲက တစ်ယောက်က နဖူးအောက်မှာ ထိတယ်ပေါ့နော်၊ တစ်ယောက်က လက်မှာထိတယ်၊ နည်းနည်းရှသွားတယ်၊ အကုန်လုံးမှာ ၃ ယောက်ပဲလေ၊ ၃ နာရီခွဲလောက်ငြိမ်သွားပြီးရင် သူတို့နောက်ထပ် ပြန်လာရော၊ ပြန်လာပြီးတော့ သူတို့ထိန်းလို့မရဘူး၊ ရဲက သေနတ်တစ်ချက်ဖောက်လိုက်တယ်၊ ဖောက်ပြီးမှ ကွဲသွားတယ်"

လာရောက်လည်ပတ်တဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို ကမ်းခြေအထိ မခေါ်ဖို့အတွက် ကမ်းခြေမှာ ဈေးရောင်းသူတွေ ကို အုပ်ချုပ်ရေးအဖွဲ့က ခေါ်ယူဆွေးနွေးနေစဉ် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အစည်းအဝေးလုပ်နေတဲ့ ရုံးအနီးအနားက ဈေးဆိုင်တစ်ဆိုင်မှာ အသံချဲ့စက် ကျယ်လောင်စွာ ဖွင့်နေတာကြောင့် အုပ်ချုပ်ရေးအဖွဲ့က အကြိမ်ကြိမ်သွားရောက်တားမြစ်ရာမှာ လူငယ်အဖွဲ့တွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ခဲတွေ၊ ပုလင်းတွေနဲ့ ပစ်ပေါက်ရာမှာ မျက်နှာဖုံးစွပ်ထားသူတွေအပါအဝင် လူငယ် အယောက် ၃၀ လောက်ပါဝင်တယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ဆိုင်းဘုတ်၊ ခေါင်မိုးတွေနဲ့ ခြံစည်းရိုးတစ်ချို့ ပျက်စီးသွားခဲ့ပြီး လုံခြုံရေး ဆောင်ရွက်ပေးနေတဲ့ ခေါဇာနယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ ဖြစ်စဉ်မှာ ပါဝင်သူတွေကို နာမည်စာရင်းတွေ မေးမြန်းပြီး ပြန်လွှတ်ပေးထားတယ်လို့ သိရပါတယ်။

ကဗျာဝကမ်းခြေကို သြင်္ကန်အကျနေ့ မနေ့က လာရောက်လည်ပတ်သူ ထောင်နဲ့ချီရှိခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။