စစ်တပ်နဲ့ စီးပွားရေး လုပ်ကိုင်နေတာတွေ ရပ်ဖို့ အာဆီယံကို Justice for Myanmar တိုက်တွန်း

အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်ကိုင်နေတာတွေကို ရပ်တန့်ကြဖို့ Justice for Myanmar အဖွဲ့က အာဆီယံ ခေါင်းဆောင်တွေကို တိုက်တွန်းလိုက်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးတွေ စတင်ကျင်းပနေချိန် ဖေဖော်ဝါရီလ ၁၇ ရက် ဒီကနေ့မှာ Justice for Myanmar က ကြေညာချက် ထုတ်ပြန်တာဖြစ်ပါတယ်။
အာဆီယံနိုင်ငံတွေဟာ အာဏာသိမ်း စစ်ကောင်စီကို စီးပွားရေး ပိတ်ဆို့အရေးယူဖို့ ပျက်ကွက်နေတဲ့အပြင် စစ်ကောင်စီနဲ့ရော စစ်ကောင်စီ လက်ဝယ်ခံတွေနဲ့ပါ စီးပွားရေးလုပ်နေတယ်လို့ ဆိုပါတယ်။
Justice for Myanmar က ထုတ်ပြန်တဲ့ စစ်ကောင်စီနဲ့ စီးပွားရေး လုပ်နေတယ်ဆိုတဲ့ အာဆီယံနိုင်ငံက ကုမ္ပဏီတွေကတော့ ... အင်ဒိုနီးရှားရဲ့ စစ်သုံးပစ္စည်းထုတ် PT Pindad, ထိုင်းနိုင်ငံက PTT, Mytel နဲ့ ချိတ်ဆက်နေတဲ့ ဗီယက်နမ်က Viettel Global, ဖိလစ်ပိုင် လက်နက်ထုတ်စက်ရုံ UDMC, ကမ္ဘောဒီးယားနိုင်ငံသားပိုင် Yatai City project စင်ကာပူနိုင်ငံက ETC တို့လို ကုမ္ပဏီတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါပါတယ်။
စစ်ကောင်စီကို လက်နက်ပစ္စည်းထောက်ပံ့တာတွေကိုလည်း ရပ်တန့်ဖို့ တောင်းဆိုပါတယ်။
အာဆီယံနဲ့ မိတ်ဖက်တွေဖြစ်တဲ့ သြစတေးလျ၊ ဂျပန်၊ တောင်ကိုးရီးယား၊ ယူကေ၊ ကနေဒါ၊ ဥရောပသမဂ္ဂအပါအဝင် တခြားနိုင်ငံတွေကလည်း အာဆီယံအစိုးရတွေကို ဖိအားပေးဖို့ Justice for Myanmar က တောင်းဆိုပါတယ်။
Justice For Myanmar အဖွဲ့ဟာ မြန်မာပြည်သူတွေ တရားမျှတမှုနဲ့ တာဝန်ခံမှု ရရှိစေဖို့ လှုပ်ရှားနေတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။