ပြည်ပ ဆန်တင်ပို့ခွင့် ပိတ်ပင်

ပြည်တွင်း စပါးအထွက် ကျဆင်းမှုနဲ့ ကုန်သည်ကြီးတွေ အလုအယက် ဆန်ဝယ်ယူ စုဆောင်းမှုကြောင့် ဆန်ဈေးတွေ တက်နေချိန်မှာပဲ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကစပြီး မြန်မာအစိုးရ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြည်ပ ဆန်တင်ပို့ခွင့်ကို ပိတ်ပင်လိုက်ပါတယ်။

2011.02.26
laborers_rice_305_z.jpg ကုန်ကားပေါ်သို့ ဆန်အိတ်များ တင်နေသော ပခုံးထမ်း အလုပ်သမားများ ဖြစ်ပါသည်။
(Photo: AFP)
ကုန်သွယ်မှု မူဝါဒကောင်စီရဲ့ အဲဒီအမိန့်မှာ ဒီပိတ်ပင်မှုဟာ ဘယ်လောက်ကြာမယ်၊ ဘယ်တော့ ပြန်တင်ပို့ခွင့် ပြုမယ် ဆိုတာတွေကိုတော့ မဖော်ပြထားဘူးလို့ အမည်မဖော်လိုတဲ့ ကုန်သည်များနဲ့ စက်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် အမှုဆောင်တဦးက အာရ်အက်ဖ်အေကို ပြောပါတယ်။

အခုနှစ်မှာ ဆန်အထွက်လျှော့တဲ့အပြင် လတ်တလော ဆန်ဈေးတွေ တက်နေတဲ့အတွက် အခုလို သက်ဆိုင်ရာက ပိတ်လိုက်တာဖြစ်ကြောင်းနဲ့ စပါးအသစ် ပေါ်ချိန်မှာ ပြန်လည် ခွင့်ပြုမယ်လို့ မျှော်လင့်နေကြောင်းလည်း အဲဒီအမှုဆောင်က ပြောပါတယ်။

ဆန်တင်ပို့သူတွေဟာ ပြည်ပက ဝယ်ယူသူတွေဆီက ကြိုတင်ငွေတွေ လက်ခံထားပြီး ဖြစ်တာမို့ အစိုးရက အခုလို လုပ်တာဟာ မိမိတို့ကို နစ်နာ ထိခိုက်စေတယ်လို့ ဆန်တင်ပို့သူတဦးကလည်း ပြောပါတယ်။

အခုလို အမိန့် ထုတ်ပြန်ခဲ့ပေမယ့် စီးပွားရေး ဦးပိုင်လီမိတက်နဲ့ စစ်အစိုးရ ဗိုလ်ချုပ်ကြီး တချို့ရဲ့ ကုမ္ပဏီတွေကတော့ ဆန်တွေကို ပြည်ပတင်ပို့ခွင့် ဆက်လက် ရရှိနေဆဲပဲလို့ သိရပါတယ်။

မြန်မာနိုင်ငံဟာ တနှစ်ကို ဆန်တန်ချိန် ၇ သိန်းလောက် ပြည်ပကို တင်ပို့နေပြီး အမေရိကန် ဒေါ်လာ သန်း၂ ရာ ကျော် ရရှိနေတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကြေညာချက်တွေ အရ သိရပါတယ်။

ပြည်ပ ဆန်တင်ပို့ခွင့် ပိတ်ပင်လိုက်တဲ့ သတင်းနဲ့ ဆန်ဈေးတွေ တက်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး လတ်တလော အခြေအနေတွေကို ရန်ကုန်မြို့က ဆန်ကုန်သည်တဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။