လမ်းပြခေါ်သွားတဲ့ အရပ်သားသုံးဦးကို စစ်ကောင်စီသတ်ဖြတ်ခဲ့
2022.12.30

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ် ဇီးကုန်းရွာက ဒေသခံအရပ်သားနှစ်ဦးနဲ့ အောင်ချမ်းသာရွာက တစ်ဦးဟာ ဒီဇင်ဘာလအစောပိုင်းက စစ်ကောင်စီရဲ့ လမ်းပြအဖြစ် ဖမ်းဆီးခံခဲ့ရပြီးနောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတ်ဖြတ်ခံထားရတဲ့ သူတို့သုံးယောက်ရဲ့ အလောင်းတွေမှာ သေနတ်နဲ့ ပစ်သတ်ခံထားရတဲ့ ဒဏ်ရာမတွေ့ရဘဲ ညှဉ်းပန်းနှိပ်စက်ခံရပြီး ဓါးထိုးသတ်ဖြတ်ခံထားရတဲ့ ဒဏ်ရာတွေကို မြင်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အလောင်းတွေကို စစ်ကောင်စီတပ်သားတွေက ရွာလမ်းဘေးနဲ့ ချောင်းတစ်ခုထဲမှာ စွန့်ပစ်ခဲ့တာကြောင့် ပုပ်ပွနေတယ်လို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ ဒေသခံတွေဟာ ဇီးကုန်းရွာက အသက် ၄၃နှစ်အရွယ် ကိုဖိုးဖြူ၊ အသက် ၄၄ နှစ်အရွယ် ကိုနိုင်နိုင်နဲ့ အောင်ချမ်းသာရွာက အသက် ၅၀အရွယ် ကိုဝင်းမြင့်တို့ ဖြစ်ပါတယ်။
အောင်ချမ်းသာရွာက အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက "ကိုဖိုးဖြူနဲ့ ကိုနိုင်နိုင်အပါအဝင် တပ်ကုန်းရွာက ဒေသခံ ၁၄ ဦးကို လမ်းပြအဖြစ် ဒီဇင်ဘာ ၉ ရက်နေ့က ခေါ်သွားတာ၊ ၁၂ ဦးကို ပြန်လွှတ်ပေးပေမဲ့ ကိုဖိုးဖြိူနဲ့ ကိုနိုင်နိုင်ကို ဆက်ခေါ်သွားတယ်၊ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ သူတို့နှစ်ဦး အလောင်းကို နှစ်ရွာအကျော်မှာ ပြန်တွေ့တယ်၊ ကိုဝင်းမြင့်ကိုကြတော့ ၂၃ ရက်နေ့မှာ လမ်းပြအဖြစ် ရွာက ခေါ်သွားတယ်၊ ၂၆ရက်နေ့မှာ နန့်မလွန်ချောင်းထဲမှာ ပုပ်ပွနေတဲ့ ပုံစံအနေအထားနဲ့ ပြန်တွေ့တယ်" လို့ ပြောပါတယ်။
အဲဒီဒေသခံတွေဟာ မိရိုးဖလာ တောင်ယာလုပ်ကိုင်ကြသူတွေဖြစ်ပြီး စစ်ကောင်စီရဲ့ စစ်ကြောင်းတွေက ရွာတွေဝင်ရောက်လာချိန်မှာ လမ်းပြအဖြစ် ခေါ်ဆောင်ခံရသူတွေဖြစ်တယ်လို့လည်း အဲဒီရွာခံက ပြောပါတယ်။
အင်အား ၁၀၀နီးပါးရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ မော်လိုက်မြို့နယ်ထဲမှာ စစ်ကြောင်းသုံးကြောင်းခွဲပြီး နယ်မြေရှင်းလင်းရေး လုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီလို ဒေသခံအရပ်သားသုံးဦးကို သတ်ဖြတ်ပြီး လမ်းဘေးမှာ စွန့်ပစ်ခဲ့တာနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီခန့်ထားတဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးအေးလှိုင်ကို RFA က ဖုန်းအကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။
စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် ဒီဇင်ဘာလ တစ်လအတွင်းမှာ မော်လိုက်မြို့နယ် ပြည်တော်သာရွာ၊ ဝဲကသာ၊ ပန်းသားရွာက ဒေသခံ ၅၀၀ ဝန်းကျင် ထွက်ပြေးနေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
အာဏာသိမ်းထားတဲ့ ၂၂လအတွင်းမှာ မော်လိုက်မြို့နယ်က ယူးဝ၊ မန်ကျဉ်းတန်း၊ တပ်ကုန်း၊ မှော်ကူး၊ တွင်းပင်၊ ရေခါတွန်၊ ကုန်းခါတွန်၊ ဝဲဒေါင့်၊ ဝဲကသာ၊ ပန်းသာ၊ တွန်းပင်၊ မှော်ကူး၊ ဝါးရုံသာ ၊ ပရောက် စတဲ့ ရွာ ၁၄ ရွာက နေအိမ် ၄၈၆ လုံး မီးရှို့ ဖျက်ဆီးခံထားရပြီး၊ နေရပ်စွန့်ခွာ ထွက်ပြေးနေတဲ့ စစ်ဘေးဒုက္ခသည် ၁၄,၆၆၀ ဦးရှိလာတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ဒီဇင်ဘာ ၃ ရက်နေ့ထိ စာရင်းတွေအရ စစ်ကိုင်းတိုင်းက ဒေသခံခြောက်သိန်းတစ်သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။