စစ်အာဏာရှင်ဆန့်ကျင်သူတွေ အိုးအိမ်ပစ္စည်းသိမ်းဆည်းခံနေရ
2022.04.22

သန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာမှာရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင် နေထိုင်ခဲ့တဲ့နေအိမ်ကို ဧပြီ ၂၂ ရက်နေ့ မနေ့က စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံအုပ်ချုပ်ရေး အဖွဲ့ဝင်တွေ ရောက်ရှိလာပြီး လူမရှိတဲ့နေအိမ်က ပစ္စည်းတွေကိုအဓမ္မယူဆောင်သွားခဲ့ပါတယ်။
ဦးနေလင်းအောင်ဟာ NLD ပါတီက ဖြစ်ပြီး အခုအိမ်ဟာ သူ့မိဘတွေပိုင်ဆိုင်တဲ့အိမ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဟာ စစ်တပ်က ဒုတိယအကြိမ် လာရောက်ခြင်းဖြစ်ပြီး ပထမအကြိမ် မေလမှာလာစဉ်က ပရိဘောဂတွေ၊ ပန်ကာတွေကို ရိုက်ချိုးသွားပါတယ်။
အခုအချိန်မှာတော့ မနက်ည ၂ ကြိမ်ခွဲပြီး ပစ္စည်းတွေကို စစ်ကားတွေနဲ့ ယူဆောင်သွားခဲ့တာလို့ ဦးနေလင်းအောင် က RFA ကို ပြောပါတယ်။
“စစ်တပ်ပါတယ်၊ ရဲပါတယ်၊ အရပ်သား ထွေအုပ်လို လူပါတယ် လူ ၃ဝ လောက် အဲကွန်းတွေ ဘာတွေ တပ်ထားတဲ့ဟာတွေပါ ဖြုတ်ပြီး ကားနဲ့ သယ်သွားတယ်။ ပရိဘောဂကတော့ အကောင်းစားကြီး မဟုတ်ဘူး။ နှစ် ယောက် ထိုင်ခုံ အဲ့ တစ်လုံးပဲရှိတာ ရေခဲသေတ္တာအသေးလုံးတစ်လုံး အဝတ်လျှော်စက်အသေး အဲ့တာတွေပါယူသွားတာ။ ချက်တဲ့ ပြုတ်တဲ့ အိုးတွေပါ။”
NLD ပါတီကပဲ နောက်ထပ် ကော့မှူးမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးဇော်မင်းအောင်ရဲ့နေအိမ်လည်း ဒီလ ၁၁ ရက်နေ့က ချိပ်ပိတ်ခံရပါတယ်။
သူကတော့ ကော့မှူးမြို့နယ် ရေတာရှည်ကျေးရွာကပါ။ သူ့အိမ်ကို တစ်နှစ်အတွင်းအကြိမ်များစွာ စစ်တပ်ကလာရောက်ပြီး အိမ်ရှိပစ္စည်း မျိုးစုံကို အဓမ္မယူဆောင်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။
“ကျွန်တော့်အိမ်ရှာဖွေတာတွေ ပစ္စည်းယူတာတွေ ၁၁ ကြိမ်လောက်သူတို့ လုပ်တယ်ဗျ။ အိမ်ထဲရှိတဲ့ ပစ္စည်းအကုန်၊ အန်တီ့ပန်းချီကားကအစ ကလေးတွေ သုံးတဲ့ ကီးဘုတ်လိုဟာမျိုး ကွန်ပျုတာ ပရင်တာ မွေ့ယာကအစ ဂက်စ်အိုး၊ ရေတင်တဲ့ စက်ကအစ သယ်တာ။ မတ်လ ၃ ရက်နေ့ကဆို နောက်ဆုံးအကြိမ် အဲကွန်း ၂ လုံးဖြုတ်သွားတယ်။”
အခုလဆန်းပိုင်းက စစ်ကောင်စီထောက်လှမ်းရေးနဲ့ ဒေသခံအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တဲ့ ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် စံချိန်မီရပ်ကွက်က PDF အဖွဲ့ငယ်တစ်ခုရဲ့ခေါင်းဆောင်ဖြစ်သူ ကိုချမ်းမင်းနောင် ရဲ့ ကာလတန်ဖိုး သိန်း ၅ဝဝ ကျော်တဲ့အိမ်ကိုလည်း ဧပြီလ ၂၁ ရက်နေ့က စစ်တပ်နဲ့ အုပ်ချုပ်ရေးမှူးက လာရောက်ပြီး ချိပ်ပိတ်သွားပါတယ်။
သူတို့မြို့နယ်မှာ ချိပ်ပိတ်ခံရတဲ့နေအိမ် ၁ဝ လုံးကျော်ရှိပြီလို့ ကျောက်တန်း PDF အဖွဲ့ခေါင်းဆောင် ကိုဒီပါက RFA ကိုပြောပါတယ်။
“လာပိတ်တဲ့အထဲမှာ စစ်တပ်ကလူရယ် ကျော်ဆန်းရယ် ရပ်ကွက်နယ်ထိန်း တင်ထွန်းအောင်ရယ် အဲ့အိမ်က ကာလ ပေါက်ဈေးအရ ငါးရာနဲ့ ခြောက်ရာ ကြားမှာရှိတယ်။ ကျွန်တော်တို့ ကျောက်တန်းမြို့နယ်ထဲမှာ နိုင်ငံရေးလှုပ်ရှား တက်ကြွသူနဲ့ အရင်တုန်းကဆန္ဒပြခဲ့သူတွေရဲ့ အိမ်ရယ် အဖမ်းခံရသူတွေရဲ့ အိမ်တွေရယ် သေဆုံးသွားသူတွေရဲ့ အိမ်တွေရယ် ချိပ်ပိတ်ခံရတဲ့အိမ်စာရင်းတွေ လုပ်ထားတာ အိမ်ခြေ အားလုံးပေါင်း စာရင်းအရ ၁ဝ လုံး ၁၅ လုံးလောက်ရှိတယ်။”
ကိုချမ်းမင်းနောင် ရဲ့ မိသားစုကတော့ အဲဒီအိမ်မှာ မရှိဘဲ ရှောင်တိမ်းပုန်းအောင်းနေကြတယ်လို့ သိရပါတယ်။
သီရိလင်္ကာနိုင်ငံရှိ နွေဦးဆရာတော်လို့ လူသိများတဲ့ အရှင်ကေသာရ ကတော့ အခုလို ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေကို အဓမ္မသိမ်းပိုက်၊ လုယူဖျက်ဆီးသူတွေဟာ အခုပစ္စုပ္ပန်မှာရော နောင်သံသရာ ဘဝ အဆက်ဆက်မှာပါ ဒုက္ခဆင်းရဲ ကြီးစွာခံစားကြရမှာ မုချဖြစ်တယ်လို့ RFA ကို မိန့်ကြားပါတယ်။
“သူများရဲ့ အိမ်ကို ချိပ်ပိတ်တာ ပြည်သူတွေ ပစ္စည်းတွေကို ပေါ်ပေါ်တင်တင် ခိုးယူ သုံးစွဲတာ ဒါတွေက သူများ မပေးရင် ခိုးယူ သုံးစွဲတာပဲလေ။ သူတို့က တကယ်တော့ ဗုဒ္ဓဘာသာ မဟုတ်ဘူး ဗုဒ္ဓဘာသာ အယောင်ဆောင်တွေပဲ အလွဲသုံးစား လုပ်တဲ့သူတွေဟာ အသက်တိုမယ် စိတ်ဆင်းရဲမယ်၊ ခန္ဓာကိုယ် ဆွံ့အ နားထိုင်း အဲလို ဒုက္ခိတဘဝနဲ့ ဖြစ်လေရာ ဘဝတိုင်း ခံရမယ်။ ပြည်သူတွေကလည်း သူတို့ကို လူယုတ်မာအဖြစ်သတ်မှတ်တယ် တိုင်းရင်းသားတွေကလည်း သူတို့ကို တန်းတူ ဘယ်သူမှမဆွေးနွေးတော့ဘူး။ အာဆီယံကလည်း တန်းတူ မဆွေးနွေးတော့ဘူး ဒါပစ္စုပ္ပန်ပေါ့။ သေသွားခဲ့တဲ့ အခါကြလည်း ဒီအကုသိုလ်ကံကြောင့်ပဲ အဝီစိ ငရဲကို ကျရောက်ရမယ်။ အဝီစိ ငရဲမှာ နှစ်ပေါင်းများစွာ သိန်းနဲ့ သန်းနဲ့ ခံရပြီး ပြန်လွတ်လာတဲ့အခါကျလည်း အဲဒီအကြွင်းအကျန်နဲ့ပဲ တိရစ္ဆာန်တို့ ပြိတ္တာ တို့ ဘုံတွေမှာ သူတို့ ဖြစ်ရတယ်။ တိရစ္ဆာန်တို့ ပြိတ္တာတို့ ဘုံတွေက ပြန်လွတ်လာတော့လည်း လူ့ဘဝပြန်ရောက်တာတောင်မှ လူတစ်လုံး သူတစ်လုံး မဖြစ်ဘူး။ ဆွံ့အ နားမကြား အကျိုးအပဲ့ ဘဝတွေနဲ့။”
တဆက်တည်းမှာပဲ အခုလို မင်းမဲ့စရိုက်တွေကို ကျူးလွန်နေကြတဲ့အတွက် စစ်ကောင်စီခေါင်းဆောင်တွေဟာ ယခုမျက်မှောက် ကာလမှာတင် နိုင်ငံတကာရဲ့ ဝိုင်းပယ်မှုနဲ့ ပြည်သူတွေရဲ့ မုန်းတီးရွံရှာမှုတွေကို ကြုံတွေ့နေရပြီဖြစ်ပါတယ်။
ဒါဟာ ဗုဒ္ဓဘာသာအရ မိမိတို့ ပြုလုပ်သော ကံရဲ့အကျိုးကို ခံစားရခြင်း ဖြစ်တယ်လို့လည်း နွေဦးဆရာတော် အရှင်ကေသာရက မိန့်ပါတယ်။