ကျိုက်ထီးရိုးဘုရားဖူး ၅၀ ခန့် ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း စစ်ကောင်စီပြော

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးစေတီကိုလာကြတဲ့ ဘုရားဖူး ၄၈ ဦးကို PDF အဖွဲ့တွေက ဧပြီလ ၁၅ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုပြီး စစ်ကောင်စီက ဧပြီလ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဘုရားတောင်ကုန်းကို မြင်တွေ့ရစဉ်။ RFA

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးစေတီကိုလာကြတဲ့ ဘုရားဖူး ၄၈ ဦးကို PDF အဖွဲ့တွေက ဧပြီလ ၁၅ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုပြီး စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဧပြီလ ၁၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာဖော်ပြပါတယ်။

ဘုရားဖူးလာကြတဲ့ အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၂၃ ဦး စုစုပေါင်း ၄၈ ဦးဟာ ကင်မွန်းချောင်းကျေးရွာ၊ ကဒက်ချောင်းမှာရှိတဲ့ ဝါဆိုမိုးစားသောက်ဆိုင်မှာ ထမင်းစားနေစဉ် လက်နက်ငယ်တွေနဲ့ရောက်ရှိလာပြီး ကားပေါ် ခေါ်တင်သွားတာလို့ဆိုပါတယ်။

အဲဒီအထဲက ၄၃ ဦးကို ဧပြီလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီမှာ ဝင်းကံကျေးရွာကနေ ပဲခူးတိုင်းရွှေကျင်မြို့နယ်ဘက်ကို ခေါ်ဆောင်သွားပြီး ကျန်ငါးဦးကတော့ သီးခြားခေါ်ဆောင်သွားတာလို့ဆိုပါတယ်။

ဘုရားဖူးတွေကို ခေါ်ဆောင်သွားတာဟာ PDF အဖွဲ့တွေဖြစ်တယ်လို့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမဲ့ ဘယ်အဖွဲ့ဆိုတာကို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒါနဲ့ပတ်သက်လို့ PDF အဖွဲ့တွေဘက်က တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုတာမရှိသေးသလို ဒေသခံ PDF အဖွဲ့တွေကို RFA က ဆက်သွယ်နေပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။

စစ်ကောင်စီကတော့ ဒီဖြစ်ရပ်အတွက် လုံခြုံရေးလုပ်ငန်းစဉ်တွေကို တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org