အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီနဲ့ ရုရှား ဆွေးနွေး

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Roscosmos State Space Corporation က ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Savelyev Sergey Valentinovich တို့ ၂၀၂၄ ခုနှစ် မေလ ၁၉ ရက်နေ့က တွေ့ဆုံခဲ့စဉ်။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Roscosmos State Space Corporation က ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Savelyev Sergey Valentinovich တို့ ၂၀၂၄ ခုနှစ် မေလ ၁၉ ရက်နေ့က တွေ့ဆုံခဲ့စဉ်။ (Myanmar Military)

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Roscosmos State Space Corporation က ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Savelyev Sergey Valentinovich တို့ဟာ မေလ ၁၉ ရက်နေ့က အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဒီတွေ့ဆုံပွဲကို ရန်ကုန်မြို့မှာလုပ်ခဲ့တာဖြစ်ပြီး အာကာသနည်းပညာနဲ့ သက်ဆိုင်တဲ့ ပညာတော်သင်တွေ စေလွှတ်ဖို့နဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ရုရှားနဲ့ အရင်ထက်ပိုပြီး နီးကပ်တဲ့ ဆက်ဆံရေးရှိလာတဲ့ စစ်ကောင်စီဟာ အာဏာသိမ်းပြီး တစ်နှစ်အကြာ ၂၀၂၂ ခုနှစ်အတွင်းမှာပဲ ရုရှားနဲ့ အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်ဖို့ အစီအမံချခဲ့တာပါ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူ့ရဲ့ ရုရှားခရီးစဉ်တွေအတွင်း Roscosmos State Space Corporation ရဲ့ အဆင့်မြင့်အရာရှိတွေကို တွေ့ဆုံခဲ့တာရှိသလို ရုရှားနိုင်ငံက အာကာသ ဒုံးပျံယာဉ်လွှတ်တင်ရေး စခန်းတွေကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။

ရုရှားအစိုးရပိုင် Roscosmos State Space Corporation ဟာ နိုင်ငံတကာအာကာသ ပူးပေါင်းဆောင်ရွက်ရေး၊ အာကာသယာဉ် ပျံသန်းမှု၊ စူးစမ်းလေ့လာရေးနဲ့ နည်းပညာဖွံ့ဖြိုးရေးကို လုပ်ဆောင်ပါတယ်။

ရုရှားကို စစ်ပညာတော်သင်တွေ စေလွှတ်တဲ့ မြန်မာနိုင်ငံမှာတော့ လေကြောင်းနဲ့ အာကာသပညာတက္ကသိုလ်ကို မိတ္ထီလာမှာ ၂ဝဝ၂ ခုနှစ်က စတင်ဖွင့်လှစ်ထားပါတယ်။

စစ်ကောင်စီဟာ မြန်မာနိုင်ငံတွင်း နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံနဲ့ လိုအပ်တဲ့ အခြေခံ အဆောက်အဦတွေ တည်ဆောက်ဖို့အတွက်လည်း ရုရှားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပါတယ်။