၂၀၂၄ မှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ဖို့ စစ်ကောင်စီ စီစဉ်နေ

RFA Burmese
2024.01.01
၂၀၂၄ မှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ဖို့ စစ်ကောင်စီ စီစဉ်နေ ၂၀၂၄ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောနေသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တွေ့ရစဉ်။
Myanmar Military

ရွေးကောက်ပွဲလုပ်မယ်လို့ မကြာခဏပြောနေတဲ့ စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ်အတွင်းမှာ ပြည်လုံးကျွတ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူသွားမယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဒါကြောင့် တိုင်းရင်းသား ပြည်သူအားလုံး ပူးပေါင်းပါဝင်ပေးကြဖို့ဆိုပြီး ၂၀၂၄ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားထဲမှာ ထည့်သွင်းပြောခဲ့တာပါ။

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကနေရတဲ့ အချက်အလက်တွေဟာ အဓိက ရည်မှန်း ချက်ဖြစ်တဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်း မှန်ကန်ပြည့်စုံဖို့ အသုံးပြုနိုင်မှာဖြစ်တယ်လို့ စစ်ကောင်စီခေါင်းဆောင်က ပြောပါတယ်။

“ကျွန်တော်တို့အစိုးရရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး ဖြစ်ပေါ်စေရေးအတွက် အခြေခံအချက် ဖြစ်တဲ့ မဲစာရင်းများ မှန်ကန် ပြည့်စုံရေးမှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေနဲ့လည်း ဆောင်ရွက်မယ့် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်များမှာ ပူးပေါင်းပါဝင်ပေးကြဖို့လည်း ပြောကြားလိုပါတယ်”

စစ်ကောင်စီဟာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့က ၁၅ ရက်နေ့အထိ ပြုလုပ်သွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး Pio Smith ကတော့ ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်ကို လက်ရှိ နိုင်ငံရေးနဲ့ ပဋိပက္ခတွေကြောင့် ပံ့ပိုးနိုင်မှာ မဟုတ်ဘူးလို့ စစ်ကောင်စီဘက်ကို အတည်ပြုပြောကြားထားကြောင်း UNFPA က ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ချိန်က ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) နဲ့ တခြား အလှူရှင်နိုင်ငံတွေက ငွေကြေးနဲ့ နည်းပညာ ပံ့ပိုးကူညီပေးခဲ့တာပါ။

သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းစဉ်တွေမှာ အရင်က ပြည်ပနိုင်ငံတွေရဲ့ နည်းပညာနဲ့ ငွေကြေး အကူအညီတွေရခဲ့ပေမယ့် အခုတော့ အဲဒီအကူအညီတွေ မရတော့ဘူးလို့ စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့ နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

ရွေးကောက်ပွဲ ကနဦးလုပ်ငန်းစဉ်ဖြစ်တဲ့ အိမ်ထောင်စုလူဦးရေစာရင်းကို စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလထဲ နိုင်ငံတစ်ဝန်း ကောက်ယူခဲ့ပြီး ခုခံတိုက်ခိုက်မှုတွေနဲ့ ကြုံခဲ့ရပါတယ်။

နေပြည်တော်နဲ့ တိုင်းနဲ့ပြည်နယ် ၁၄ ခုက မြို့နယ်ပေါင်းနှစ်ဆယ်မှာလည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်က နေ ၁၅ ရက်နေ့အထိ စစ်ကောင်စီက သန်းခေါင်စာရင်း စမ်းသပ်ကောက်ယူခဲ့တာရှိပြီး ဒီအပေါ် ပြည်သူတွေ စိတ်မဝင်စားကြသလို၊ ဆန့်ကျင် တာတွေ၊ တိုက်ခိုက်ခံရတာတွေ ရှိတဲ့အတွက် မအောင်မြင်နိုင်ဘူးလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။