အမ်းက ထွက်ပြေးလာတဲ့ စစ်ကြောင်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး ဖမ်းဆီးခံရ

RFA Burmese
2024.12.28
အမ်းက ထွက်ပြေးလာတဲ့ စစ်ကြောင်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး ဖမ်းဆီးခံရ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရသည့် ချင်းကာကွယ်ရေးတပ် - အရှိုအဖွဲ့ (CDF – Asho) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ထုတ်ပြန်ထားစဉ်။
CDF – Asho

ရခိုင်ပြည်နယ် အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော် (AA) သိမ်းပိုက်လိုက်တဲ့နောက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက ၁၇ ဦးကို ချင်းကာကွယ်ရေးတပ်-အရှိုအဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

အမ်းမြို့နယ်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ဝ ဝန်းကျင် ပါဝင်တဲ့ စစ်ကြောင်း နှစ်ကြောင်းကို မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းမအနီးမှာ ပိတ်ဆို့တားဆီးခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်-အရှိုတပ်ဖွဲ့က ဒီဇင်ဘာ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထဲမှာ စစ်ကောင်စီတပ်သားတချို့ လက်နက်ချခဲ့ပေမဲ့ ထွက်ပြေးသွားတဲ့ တပ်ဖွဲ့ဝင်တွေကိုတော့ ဒီဇင်ဘာ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ သုံးရက်အတွင်း လိုက်လံရှာဖွေဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ ထွက်ပြေးသွားသူတွေထဲက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးကို ဖမ်းဆီးမိခဲ့ပြီး လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်တွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ချင်းကာကွယ်ရေးတပ် - အရှိုအဖွဲ့တာဝန်ရှိသူ ဆလိုင်းရိုးချင်းက “လက်ရှိစစ်ဆင်ရေးနဲ့ ဆက်စပ်နေသေးတာမို့ အလင်းဝင်လာသူတွေကိုတော့ ပြောလို့မရသေးပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဝ ကျော် ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တာကြောင့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

အမ်းမြို့နယ်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းမဖြေပါဘူး။

အမ်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ဒီဇင်ဘာ ၂၀ ရက်နေ့မှာ အာရက္ခတပ်တော် (AA) က သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။