စစ်ကောင်စီ နယ်ခြားစောင့်တပ်ဖွဲ့ဝင် တစ်ရာကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး
2024.07.11

မြန်မာနယ်ခြားစောင့်ရဲနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ရာကျော်ဟာ ဇူလိုင်လ ၁၁ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ခွဲ တက်ခ်နက်ဖ်မှာ လာရောက်ခိုလှုံခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် The Dhaka Tribune သတင်းမှာ ဖော်ပြပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇူလိုင် ၁၁ ရက်နေ့ မနက်ပိုင်းမှာ တက်ခ်နက်ဖ်နယ်စပ် နေရာသုံးခုကို ဖြတ်သန်းဝင်ရောက်လာတာလို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင်တပ်ဖွဲ့နဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်း ဖော်ပြပါတယ်။
တက်ခ်နက်ဖ်ဒေသ တာဝန်ရှိသူတစ်ဦးကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးထားကြောင်း အတည်ပြုပါတယ်။
“မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေထပ်ပြီး ခိုလှုံလာတာ ကျွန်တော် ကြားပြီးပါပြီ။ သူတို့ကို လက်ရှိမှာ ကျွန်တော်တို့ နယ်ခြားစောင့်နဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ နယ်စပ်တစ်လျှောက်မှာလည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေက လုံခြုံရေးမြှင့်တင်ထားပါတယ်”
ဒါနဲ့ပတ်သက်လို့တော့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော် (AA) တို့ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်သားတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံတဲ့ဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပေါ်နေပါတယ်။