စစ်ကြောင်း ဝင်ရောက်ခဲ့တဲ့ လောင်းလုံးမှာ နေအိမ်တစ်ရာကျော် မီးရှို့ခံရပြီး ဒေသခံနှစ်ဦး သေဆုံး

RFA Burmese
2024.01.10
စစ်ကြောင်း ဝင်ရောက်ခဲ့တဲ့ လောင်းလုံးမှာ နေအိမ်တစ်ရာကျော် မီးရှို့ခံရပြီး ဒေသခံနှစ်ဦး သေဆုံး စစ်ကောင်စီတပ် မီးရှို့ခဲ့သည့် ညောပြင်ရွာကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က တွေ့ရစဥ်။
Citizen Journalist

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်က ရွာတွေကို စစ်ကောင်စီ တပ်စစ်ကြောင်းက ဝင်ရောက် မီးရှို့ခဲ့တာကြောင့် နှစ်ပတ်အတွင်း ရွာဆယ်ရွာက နေအိမ်တစ်ရာကျော် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံနှစ်ဦး သေဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်အဖွဲ့နဲ့ ဒေသခံတွေက ပြောပါတယ်။

လောင်းလုံမြို့နယ်ကို ဒီဇင်ဘာ လကုန်ပိုင်းကစပြီး စစ်ကောင်စီတပ် အင်အားတစ်ရာကျော် စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် အခုလိုတွေ မီးရှို့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ညောပြင်ရွာမှာ နေအိမ် တစ်ရာခန့်၊ လေးသွန်ခံရွာမှာ ၁၉ လုံး၊ စစ်ပြဲရွာမှာ နေအိမ် ကိုးလုံး၊ ဟင်းချိုတောရွာမှာ ငါးလုံး၊ သကျက်တောရွာမှာ သုံးလုံး၊ သံလျင်ရွာက သုံးလုံး၊ ပိန္နဲတော၊ ကြက်ယက်တွင်းနဲ့ သပြေရှောင်ရွာမှာ တစ်လုံးစီ မီးလောင်ခဲ့ပြီး အောက်ကျက်ဝပ်ရွာက ဆုံးရှုံးမှုကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

နေအိမ် အများဆုံး မီးရှို့ခံရတဲ့ ညောပြင်ရွာကိုတော့ ဇန်နဝါရီလ ၈ ရက်ညနေပိုင်းမှာ စစ်ကောင်စီ တပ်သားတွေ မီးရှို့ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ရွာထဲမှာ စစ်ကြောင်း ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာတွေကို မီးရှို့ခဲ့သလို စစ်ကောင်စီ တပ်သားတွေ ဖမ်းသွားတဲ့ ဒေသခံအမျိုးသား နှစ်ယောက်လည်း သေဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“လောင်းလုံး မြို့နယ်ဘက်ကိုက နှစ်လ (သို့) သုံးလတစ်ခါ လာပြီးတော့ မီးရှို့နေတာက တစ်ခါလည်း မဟုတ်ဘူး။ နှစ်ခါလည်း မဟုတ်ဘူး။ အမြဲဖြစ်နေတာ။ အခုလည်း ရှို့နေသလို နောင်လည်း လာရှို့နေဦးမှာပဲ။ မြို့နယ်ထဲက သူတို့ ရောက်လာတဲ့အချိန် ကစပြီး ပြည်သူနှစ်ဦး သေဆုံးတာ ရှိတယ်။ သူတို့ ဖမ်းခေါ်သွားပြီး လမ်းပြခိုင်းတဲ့သဘောပေါ့။ တစ်ဖက်မှာက ပြည်သူက နေမကောင်းဖြစ်တယ်။ အဲဒါကို ထားခဲ့တယ်လို့ ကြားရတယ်။ သွားကြည့်တဲ့အခါကျတော့ သေဆုံးနေတာ တွေ့ရတယ်”

မီးလောင်တဲ့ အိမ်အရေအတွက် အတိအကျနဲ့ သေဆုံးတွေရဲ့ အမည်၊ အသက် အတိအကျ ကိုတော့ RFA အနေနဲ့ သီးသန့် အတည်မပြုနိုင်သေသလို ဒီအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မီးလောင်မှုတွေကို စာရင်းပြုစုနေတဲ့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ (Data for Myanmar) ရဲ့ စာရင်းအရ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ဆက်စပ်အဖွဲ့တွေရဲ့ မီးရှို့မှုကြောင့် အရပ်သားနေအိမ် ခုနှစ်သောင်းကျော် (၇၇,၂၇၄) ခန့် ဆုံးရှုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။