အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်လုံခြုံရေး ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီပြော
2024.07.14

အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံပြီး နယ်စပ်လုံခြုံရေး၊ ကုန်သွယ်ရေးနဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေအကြောင်း ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဇူလိုင်လ ၁၄ ရက် ဒီနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ အဲဒီသုံးနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဇူလိုင်လ ၁၁ ရက်နေ့က သီးသန့်တွေ့ဆုံခဲ့တာလို့ ဆိုပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆင်ညမ်ဖုန်နဲ့ တွေ့ဆုံစဉ်မှာတော့ လက်နက်ရောင်းဝယ်ဖောက်ကားမှု၊ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စတွေမှာ ထိုင်းနိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကျေးဇူးတင်ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ပြောဆိုခဲ့ပါတယ်။
လက်နက်ရောင်းဝယ်မှုတွေနဲ့ ပတ်သက်လို့တော့ စစ်ရေးပဋိပက္ခတွေ အရှိန်မြင့်နေတဲ့ မြန်မာဘက်ကိုတင်ပို့မဲ့ လက်နက်တွေ ထိုင်းနိုင်ငံထဲမှာ ဖမ်းဆီးရမိနေကြောင်း ထိုင်းနိုင်ငံအခြေစိုက်သတင်းတွေမှာ မကြာခဏဆိုသလို တွေ့နေရတာပါ။
အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံစဉ်မှာတော့ နယ်စပ်လုံခြုံရေးနဲ့ ကုန်သွယ်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ ဥရောပသမဂ္ဂနဲ့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုကြောင့် တရုတ်နဲ့ ရုရှားကိုပဲ အဓိကထား ဆက်ဆံနေရချိန် သူတို့ကို လက်ခံတွေ့ဆုံတဲ့ နိုင်ငံတွေနဲ့ သံတမန်ရေးအရ ပူးပေါင်းဆောင်ရွက်မှု တိုးတက်နိုင်အောင် ကြိုးပမ်းနေတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့ အဖွဲ့အစည်းအားလုံးနဲ့ပါ ထိတွေ့ဆက်ဆံဖို့ ပြောဆိုထားပါတယ်။
နိုင်ငံတကာကတော့ မြန်မာ့အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို အပြည့်အ၀အကောင်အထည်ဖော်ရေး တိုက်တွန်းထားပါတယ်။