သတင်းထောက်တွေ လုံခြုံရေး ဦးစားပေး အဆင့်ဆောင်ရွက်ဖို့ CPJ တိုက်တွန်း


2013.03.26

မြန်မာနိုင်ငံမှာ အစိုးရအနေနဲ့ သတင်းထောက်တွေရဲ့ လုံခြုံရေးကို ဦးစားပေးအဆင့်မှာ ထည့်သွင်း ဆောင်ရွက် ဖို့ အရေးကြီးကြောင်း  အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် CPJ ခေါ် သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီက တိုက်တွန်းလိုက် ပါတယ်။

မတ်လ (၂၀) ရက်နေ့က မိတ္တီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အဓိကရုဏ်းအတွင်း သတင်းယူနေသူ သတင်းထောက်တွေကို အကြမ်းဖက်ဖျက်ဆီးနေသူတွေက ခြိမ်းခြောက်ခဲ့ကြပြီး၊ ကင်မရာ စတဲ့သတင်း ထောက်သုံး ပစ္စည်းတွေကိုလည်း ဖျက်ဆီးခဲ့ကြတယ်လို့ CPJ ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ဘာသာရေး အဆောက်အအုံတွေအပါအဝင် နေအိမ်တွေကို အကြမ်းဖက် ဖျက်ဆီးနေကြတဲ့ လက်နက်ကိုင် ဆောင်ထားသူတွေက သတင်းထောက်တွေကို ဓါတ်ပုံမရိုက်ဖို့၊ ဖုန်းနဲ့သတင်းမပေးဖို့ ဟန့်တားခဲ့ကြတဲ့အပြင် လက်နက်တွေနဲ့ ခြိမ်းခြောက်ပြီး  ကင်မရာတွေကို သိမ်းဆည်း၊ Memory card တွေကို ထုတ်ယူသွားခဲ့ကြ ကြောင်း၊ ပြည်တွင်း ပြည်ပ သတင်းဌာနတွေအတွက် သတင်းယူနေကြသူ သတင်းထောက်အများအပြားက ဒီဖြစ်ရပ်တွေကို ကိုယ်တွေ့ကြုံခဲ့ကြရကြောင်း၊ သတင်းထောက်တချို့နီးရာ ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံခဲ့ကြရပြီး၊ နောက်ဆုံး ရဲတပ်ဖွဲ့က ကူညီကယ်ထုတ်သွားခဲ့ရကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အခုလို သတင်းထောက်တွေကို ခြိမ်းခြောက်နှောက်ယှက်တဲ့အပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း CPJ ရဲ့ အရှေ့တောင်အာရှ ဆိုင်ရာ ကိုယ်စားလှယ် ရှောင်ခရစ်စပင်က ပြောကြားလိုက်ပြီး၊ ပဋိပက္ခဖြစ်ပွားရာ ဒေသ တွေကို သွားရောက်ပြီး သတင်းတာဝန်ထမ်းဆောင်နေကြတဲ့ သတင်းထောက်တွေရဲ့လုံခြုံရေးကို တာဝန်ယူဖို့ အစိုးရမှာ တာဝန်ရှိကြောင်း၊  ဦးသိန်းစိန် အစိုးရအနေနဲ့ သတင်းမီဒီယာ ကာကွယ်စောင့်ရှောက်ရေးကို ဦးစားပေးနေရာမှာ မထားတဲ့အတွက် အထူးစိုးရိမ်မိကြောင်းလည်း ပြောဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။