စာနယ်ဇင်းကောင်စီမှာ ပါဝင်ဖို့ အတွက် သတင်းမီဒီယာနဲ့ ဆက်စပ်အဖွဲ့အစည်း အသီးသီးက သက်ဆိုင်ရာ ကိုယ်စားလှယ်တွေကို ရွေးချယ်ပေးခဲ့ပြီး ဒီကိုယ်စားလှယ်တွေထဲက တချို့ကို စာနယ်ဇင်းကောင်စီ (ယာယီ) ဖွဲ့စည်းတဲ့အခါမှာ ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေးမှူးနဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး နေရာတွေအတွက် အများဆန္ဒနဲ့ ထပ်မံရွေးချယ်ခဲ့တယ်လို့ ဒီကနေ့ ဖွဲ့စည်းလိုက်တဲ့ စာနယ်ဇင်းကောင်စီရဲ့ အထွေထွေအတွင်းရေးမှူး ဦးကျော်မင်းဆွေက RFA ကို ပြောပါတယ်။
"Press Council ဆိုပြီးတော့ လူ ၃၀ nomination ပေါ့နော်။ ဆိုင်ရာနယ်ပယ် အသီးသီးကပေါ့။ တရားရေး၊ ပညာရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး နောက်တခါ ပုံနှိပ်ထုတ်ဝေရေး၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ MJA, MJU, MJN ပေါ့၊ အဲဒီ ၃ သင်း။ အဲလို အသီးသီးက လူ ၃၀။ လုပ်ငန်းတာဝန်တွေ ညှိနှိုင်းတယ်။ သတ်မှတ်တယ်။ နောက်တခါ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့က အများဆန္ဒ၊ မဲဆန္ဒနဲ့ရွေးတယ်ပေါ့။ ဒီနေ့က"
အစည်းအဝေးအပြီးမှာ စာနယ်ဇင်းကောင်စီရဲ့ ဥက္ကဋ္ဌအဖြစ် အငြိမ်းစားတရားရုံးချုပ် တရားသူကြီး ဦးခင်မောင်အေး၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း (MJA) မှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ သတင်းစာဆရာ မောင်ဝံသ ခေါ် ဦးစိုးသိမ်းတို့ကို အများဆန္ဒအရ ရွေးချယ်ခဲ့ပြီး ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးလည်း ဒီကောင်စီမှာ အဖွဲ့ဝင်အဖြစ် ပါဝင်တယ်လို့ သိရပါတယ်။
ဒီကနေ့ ဖွဲ့စည်းလိုက်တဲ့ စာနယ်ဇင်းကောင်စီ ယာယီဟာ ယခင်ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းလက်ထက်က ဖွဲ့စည်းခဲ့တဲ့ အမြုတေကောင်စီနဲ့ ကောင်စီအဖွဲ့ဝင်တွေအစား သတင်းနဲ့စာနယ်ဇင်း လောကသားတွေက လွတ်လွတ်လပ်လပ် ရွေးချယ်လိုက်သူတွေနဲ့ ဖွဲ့စည်းခဲ့တဲ့အတွက် စာနယ်ဇင်းဥပဒေ ရေးဆွဲရာမှာ များစွာအထောက်အကူ ပြုစေမှာ ဖြစ်တယ်လို့ ဦးကျော်မင်းဆွေက ပြောပါတယ်။