သပိတ်ကျင်းက လက်ကျန်တပ်စခန်းတွေကို ကာကွယ်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်

RFA Burmese
2024.11.14
သပိတ်ကျင်းက လက်ကျန်တပ်စခန်းတွေကို ကာကွယ်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များ သိမ်းပိုက်ခဲ့သည်ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် အမှတ်(၁) စစ်ဒေသရုံးမှ ထုတ်ပြန်ထားစဉ်။
Telegram/ အမှတ် (၁) စစ်ဒေသ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက လက်ကျန်တပ်စခန်း သုံးခုဖြစ်တဲ့ ၇ မိုင်၊ ကျောက်ကြီးနဲ့ တပ်မတော် လေ့ကျင့်ရေးသင်တန်းကျောင်း (တကက-၁၃) တို့ကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က နိုဝင်ဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မိုးကုတ်-သပိတ်ကျင်း လမ်းပေါ်က ခလရ - ၁၄၈နဲ့ ဖော့တောလမ်းဆုံတို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့အတူ မဟာမိတ်တပ်ပေါင်းစုတွေက တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်စခန်း အခိုင်အမာရှိတဲ့ တွင်းငယ်ရွာကိုလည်း ထိန်းချုပ်ထားနိုင်ပြီလို့ ဆိုပါတယ်။

သပိတ်ကျင်း ဒေသခံတစ်ဦးကတော့ တွင်းငယ်ရွာကို မဟာမိတ်ပူးပေါင်းအဖွဲ့က သိမ်းယူထားပေမဲ့ ရွာနားက တပ်စခန်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် နေရပ်မပြန်နိုင်သေးဘူးလို့ RFA ကို ပြောပါတယ်။

“တွင်းငယ်ဘက် တတက - ၁၃ ကို တိုက်နေတာဆို တော်တော်ကြာနေပြီ။ ကျွန်တော်တို့က အဲဒီနားတင် နေတာဆိုတော့ မသိမ်းနိုင်မချင်း မပြန်ရသေးပါဘူး။ တချို့တွေလည်း တိုက်ပွဲဖြစ်ချိန် ခဏရှောင်ပြီးနောက် ပြန်ကြတယ်”

သပိတ်ကျင်းမြို့နယ်က နှစ်ဖက်တိုက်ပွဲ ပြင်းထန်တဲ့ နေရာတစ်ဝိုက်က ဒေသခံ လေးရာကျော်လည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သူက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

သပိတ်ကျင်းမြို့ကိုတော့ သြဂုတ်လ ၂၅ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားနိုင်ပြီး ကျန်ရှိနေတဲ့ တပ်စခန်းတွေကို ဆက်တိုက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။