ဂျော်ဒန်က အထည်ချုပ်စက်ရုံမှာ မြန်မာလုပ်သား ၂၆၀ကျော် ဆန္ဒပြ
2021.09.02
ဂျော်ဒန်နိုင်ငံက Camel အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေ မြန်မာပြည်ကု ိပြန်ဖို့ အလုပ်ရှင်ဘက်က မစီစဉ်ပေးတာ၊ လုပ်အားခ မညီမျှတာတွေကြောင့် အလုပ်မလုပ်ဘဲ ဆန္ဒပြနေကြတာ လေးရက် ရှိနေပါပြီ။ အလုပ်ရှင်နဲ့ အလုပ်သမားတွေကြား ညှိနှိုင်းမှုတွေ ရှိနေတယ်ဆိုပေမယ့် အခုထိ မပြေလည်သေးပါဘူး။
မြန်မာအလုပ်သမားတွေဘက်က လာမယ့် အောက်တိုဘာလ ၁၅ ရက်နောက်ဆုံးထားပြီး၊ အလုပ်သမားတွေ ရရှိ ရမယ့် လူမှုဖူလုံကြေးတွေရရှိဖို့၊ မြန်မာနိုင်ငံကို ပြန်ဖို့ နဲ့ အလုပ်ရှင်ဘက်က လေယာဉ်စရိတ် စီစဉ်ပေးဖို့ တောင်းဆိုထားကြောင်း မြန်မာအလုပ်သမား မအေးသူဇာ က RFA ကို ပြောပါတယ်။
“ညီမတို့ တောင်းဆိုတာ နှစ်ချက်ပဲ။ ဝန်ထမ်းတယောက်ယောက် ပြဿနာဖြစ်တာနဲ့ တခြားဝန်ထမ်းတွေကိုပါ လေယာဉ်စရိတ်ကို ကိုယ့်ဖာသာကိုယ် ကုန်ကျရမယ်။ အလုပ်လည်း ထွက်ရမယ်။ မနေ့က တောင်းဆိုတာလည်း ၁၀ လပိုင်း ပြန်ပို့ဖို့တောင်းဆိုထာကို ၁၁ လပိုင်းတောင်မှ နည်းနည်းချင်းစီ ပြန်ပို့မယ်။ ပြေလည်မှု မရသေးဘူး။ ညှိနေရတုန်းပဲ”

ပြီးခဲ့တဲ့ ဇွန်လက မြန်မာနိုင်ငံကို ပြန်ဖို့ စာတင်ခဲ့ပေမယ့် အလုပ်ရှင်ဘက်က တစုံတရာ မတုံ့ပြန်ဘဲ အောက်တိုဘာလအထိ အလုပ်လုပ်ဆက်လုပ်ပေးဖို့ ပြောဆိုလာတဲ့အပြင်၊ အပိုကြေး ဘောနပ်စ် ပေးတာမှာလည်း မညီမျှတာတွေကြောင့်၊ မြန်မာအလုပ်သမားတွေ အလုပ်မလုပ်ဘဲ လက်ဗွေပဲ နှိပ်ပြီး ပြန်လာကြတာ လေးရက်ရှိနေပြီလို့ ဆန္ဒပြအလုပ်သမား မဖူးဖူးက ပြောပါတယ်။
“သူတို့က ခြောက်လပိုင်းမှာ လွတ်မယ်ဆိုပြီးတော့ ထွက်စာတင်ခိုင်းခဲ့တာ။ ဒါပေမဲ့ လျော် ကြးကိစ္စနဲ့ ပတ်သက်လို့ ညီမတို့ကို ဘာတခွန်းမှ မပြောဘူး။ လျော်ကြေးလည်း မပေးနိုင်ဘူးလို့ပြောတယ်။ ဒါပေမဲ့ ညီမတို့က ပြန်ရရင်ပြီးရော။ ဒါပေမဲ့ ညီမတို့ လူမှုဖူလုံကြေးနဲ့ လေယာဉ်စရိတ်ကို ပေးလို့ရှိရင် ညီမတို့ ထွက်စာတင်မယ်။ ဒါပေမဲ့ ရှစ်လပိုင်းကုန်တဲ့ထိ ဆယ်လပိုင်းနေပေးပါဆိုပြီးတော့ အကူအညီ တောင်းတာကို အခု ဘောနပ်စ် ဖြတ်တာနဲ့ပတ်သက်လို့ အကုန်လုံး တန်းတူညီတူ မပေးဘဲနဲ့ အမရယ် များတဲ့လူက များ၊ နည်းတဲ့လူက နည်း။ အဲကနေစပြီးတော့ ညီမတို့ ဆန္ဒပြဖြစ်တာ”

ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့မှာ အလုပ်ရှင်ဘက်က မြန်မာအလုပ်သမားတွေကို ထွက်စာတင်ဖို့ပြောဆိုတဲ့အတွက်၊ အလုပ်သမားတွေဘက်က ထွက်စာတင်ခဲ့ပေမဲ့၊ စက်တင်ဘာလ ၁ ရက်နေ့မှာ အလုပ်ရှင်ဘက်က အဲဒီ ထွက်စာဟာ တရားမဝင်ဘူးလို့ ပြောလာပြန်တာကြောင့်၊ စာချုပ်သက်တမ်းကို ဖောက်ဖျက်တာဟာ အလုပ်ရှင်ဘက်ကပဲ ဖြစ်တယ်လို့ မြန်မာအလုပ်သမားတွေကပြောပါတယ်။
“ညီမတို့ ပြန်ချင်တယ်ဆိုတာ ဒီက အခြေအနေ လုံးဝမကောင်းဘူး။ ကိုယ့်အပေါ်မှာ မကောင်းသလို ကိုယ့်အောက်က ငယ်သားတွေကိုလည်း နှိပ်ကွပ်တယ်။ အစားအသောက်တွေကအစ ထမင်းတွေ အသိုးတွေ ကျွေးတယ်။ အဲကြောင့် အလုပ်မလုပ်နိုင်ဘူး။ ကိုယ့်ကို ချက်စားလည်း လစာနဲ့ ဘယ်လိုမှ အဆင်မပြေဘူး။ ဒီ ၈လပိုင်းလုပ်ထားတဲ့ လစာလည်း မထုတ်ပေးသေးဘူး။ ပြန်ချင်တဲ့စိတ်တခုပဲ ရှိတယ်။ အခုချိန် မြန်မာနိုင်ငံမှာက ရောဂါက တမျိုး၊ နိုင်ငံရေးက အခြေအနေ မကောင်းဘူး။ ဘယ်သူမဆို ရှိရှိမရှိရှိ ကိုယ့် မိသားစုနဲ့ကိုယ်နေချိန်ကြတာပဲ။ ညီမတို့ အဲဒီလို ပြောပါတယ်။ အဲဒီလို ပြောပြတော့ သူတို့က လက်မခံဘူး”
Camel အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၂၆၀ကျော်ရှိပြီး အများစုက ဆန္ဒပြနေကြတာပါ။ အလုပ်သမား တွေကို အလုပ်ရှင်ဘက်က လစာပုံမှန်ထုတ်မပေးတာ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ မရရှိဘဲ၊ ညီညီမျှမျှ ဆက်ဆံမှုလည်း မရှိတာကြောင့် အလုပ်သမားတွေ မကျေမနပ်ဖြစ်ပြီး မြန်မာနိုင်ငံပြန်ချင်နေကြတာပါ။
ဂျော်ဒန်နိုင်ငံမှာ မြန်မာသံရုံး မရှိတဲ့အတွက် မြန်မာနိုင်ငံကို ပြန်နိုင်ဖို့ အလုပ်သမားတွေက အစ္စရေးနိုင်ငံက မြန်မာသံရုံးကို ဖုန်းနဲ့ဆက်သွယ် အကြောင်းကြားပေမယ့် အီးမေးလ်နဲ့ပို့ဖို့ အကြောင်းပြန်တယ်လို့ ဆိုပါတယ်။