JMC-U အစည်းအဝေး ကျင်းပ
2018.05.08

နှစ်ဖက်အပစ်အခတ်တွေ အများဆုံးဖြစ်နေတဲ့ ဒေသတွေမှာ ဒေသခံအပစ်ခတ်စောင့်ကြည့်ရေးအဖွဲ့တွေ တိုးချဲ့ဖွဲ့စည်းသွားဖို့ လိုအပ်ကြောင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဒီနေ့ တိုက်တွန်းခဲ့ပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ ပြည်လမ်းပေါ်က Lotte Hotel မှာကျင်းပခဲ့တဲ့ ပြည်ထာင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ရဲ့ ဒုတိယအကြိမ် မျက်နာစုံညီအစည်းဝေးမှာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ပြောတာဖြစ်ပါတယ်။
"JMC လုပ်ငန်းတွေ ပိုမိုတိုးတက်အောင်မြင်ဖို့အတွက် ဖွဲ့စည်းထားပြီးသား JMC အနေနဲ့ လုပ်ငန်းများ ပုံမှန် ဆောင်ရွက်ရန် လိုအပ်ပြီး အပစ်အခတ် အများဆုံး ဖြစ်ပေါ်နေလျက်ရှိတဲ့ ဒေသတွေမှာ တိုးချဲ့ဖွင့်လှစ်နိုင်ဖို့နဲ့ ဒေသခံအရပ်သား စောင့်ကြည့်သူတွေကို ဖွဲ့စည်းဆောင်ရွက်နိုင်ဖို့အတွက် ကျနော်တို့ ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ ဒါတွေက ကျနော်တို့ JMC - SL ဆိုပြီးတော့ ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ဒါတွေကို ကျနော်တို့က အလေးထား ဆောင်ရွက်သွားဖို့အတွက် ကျနော့်အနေနဲ့ တိုက်တွန်းလိုပါတယ်"
JMC အဖွဲ့ အဆင့်ဆင့်မှာ တိုင်ကြားစာပေါင်း ၄၀၀ ကျော်ရောက်ရှိနေပြီး တိုင်ကြားစာ ၃၀၀ကျော်ကို ဖြေရှင်းနိုင် ခဲ့တယ်လို့ ဆိုပါတယ်။
အစည်းအဝေးကို ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ် စောအိုင်းဇက်ဖိုး KNU နှင့် ဒုတိယဥက္ကဋ္ဌ ၂ ဦးပြည့်စုံ တို့ တက်ရောက်ခဲ့ကြပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီတွေကို ပြည်ထောင်စုအဆင့် JMC-U၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် JMC-S နဲ့ ဒေသဆိုင်ရာအဆင့် JMC-L ဆိုပြီးအဆင့်ဆင့်ဖွဲ့စည်းထားပါတယ်။