ဂျပန်အစိုးရကို တိုက်တွန်းတဲ့ ဂျပန် NGO ၅ ဖွဲ့ထဲမှာ ဂျပန်နိုင်ငံ တိုကျိုမြို့အခြေစိုက် Human Rights Watch အဖွဲ့ ၊ A.I ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့၊ Human Rights Now အဖွဲ့နဲ့ PFB မြန်မာ့ရေးရာ ပြည်သူ့အဖွဲ့တို့အပြင်၊ အိုဆာကာအခြေစိုက် BRC အဖွဲ့တို့လည်း ပါဝင်ကြောင်း သိရပါတယ်။
ဂျပန်အစိုးရက အဲဒီလို ထောက်ခံပေးဖို့ ဂျပန် NGO ၅ ဖွဲ့ဟာ စက်တင်ဘာ ၂၁ ရက် မနေ့တုန်းက ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနကို သွားရောက်ပြီး တိုက်တွန်းစာ ပေးအပ်ခဲ့တယ်လို့ စာ သွားရောက် ပေးအပ်ရာမှာ ပါဝင်သူ Ms. Miyazawa က RFA ကို ပြောပါတယ်။
PFB အဖွဲ့က မီယာဇာဝါ ပြောသွားတာက မြန်မာပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ရာဇဝတ်မှုတွေ ၊ လူသားထုပေါ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဝင်ရောက် စုံစမ်းနိုင်ဖို့ ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်တရပ် ပေါ်ပေါက်လာရေးကိစ္စမှာ ဂျပန်အစိုးရဟာ ရေငုံနှုတ်ပိတ် မနေပဲ အခြားကမ္ဘာ့ နိုင်ငံတွေ နည်းတူ ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ တရားဝင်ကြေညာချက် တရပ် ထုတ်ပြန်ပေးဖို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနကို ကျွန်မတို့ သွားရောက် တိုက်တွန်းခဲ့ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကတော့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင် ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို သူတို့အနေနဲ့ စဉ်းစားနေကြောင်း၊ သင့်တော်တဲ့ နည်းလမ်းတွေနဲ့ မြန်မာစစ်အစိုးရပေါ် ဆက်ဆံကျင့်သုံးသွားမှာ ဖြစ်တယ်လို့ အကြောင်းပြန်ခဲ့တယ်လို့ ပြောဆိုသွားပါတယ်။
ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနကို ဂျပန် NGO ၅ ဖွဲ့က ပေးအပ်တဲ့ စာနဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ အစီရင်ခံစာရော ၊ အမေရိကန် ဟားဗတ်တက္ကသိုလ်က လေ့လာတွေ့ရှိထားတဲ့ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာကိုပါ ပူးတွဲ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။