ဂျပန် အထူးကိုယ်စားလှယ် မြန်မာနိုင်ငံ ရောက်လာ

2021.11.14
ဂျပန် အထူးကိုယ်စားလှယ် မြန်မာနိုင်ငံ ရောက်လာ နီပွန်ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌ Yohei Sasakawa နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၂၁၊ နိုဝင်ဘာ ၁၃ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဂျပန်နိုင်ငံရဲ့ မြန်မာပြည်ဆိုင်ရာ အထူးသံတမန်တစ်ဦးဖြစ်တဲ့ နီပွန်ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌ Yohei Sasakawa ဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ စနေနေ့က တွေ့ဆုံခဲ့တဲ့အကြောင်း မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

Mr. Sasakawa ဟာ မြန်မာနိုင်ငံကို သောကြာနေ့က ရောက်လာခဲ့ပြီး စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း သူ့ရဲ့ ပထမဆုံးအကြိမ် မြန်မာပြည်ခရီးစဉ်လည်း ဖြစ်တယ်လို့ Kyodo သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။ သူ့ခရီးစဉ်က တစ်ပတ်လောက်ကြာမယ်လို့လည်း ဆိုပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့တဲ့ အခါမှာ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆွေးနွေးတယ်လို့ မြန်မာ့အလင်းမှာ ရေးပါတယ်။

မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရဲ့ အထူးကိုယ်စားလှယ်အနေနဲ့ Mr. Sasakawa ဟာ အာဏာမသိမ်းခင်က မြန်မာနိုင်ငံကို အကြိမ်ကြိမ် လာရောက်ခဲ့ဖူးသူဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့လည်း အကြိမ်ကြိမ် တွေ့ခဲ့ဖူးပါတယ်။

Mr. Sasakawa အခုတစ်ခေါက် မြန်မာနိုင်ငံကို ရောက်တဲ့အချိန်ဟာ စစ်ကောင်စီက ခန့်တဲ့ သံတမန် ငါးယောက်ကို ဂျပန်အစိုးရက အသိအမှတ်ပြု လက်ခံလိုက်တဲ့အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ မြန်မာနိုင်ငံ အတွင်း ရှိနေတဲ့ ဂျပန်နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့လည်း ရှိတာကြောင့် စစ်ကောင်စီရဲ့ သံတမန်တွေ ကို ဂျပန်အစိုးရဘက်က မငြင်းသာခဲ့ဘူးလို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနဘက်က ပြောဆိုချက်ကို ကိုးကားပြီး Kyodo သတင်းမှာ သောကြာနေ့က ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းက တိုကျိုမြို့တော်မှာ ရှိတဲ့ မြန်မာသံရုံးက သံတမန် နှစ်ယောက်ကို စစ်အာဏာသိမ်းတာကို ဆန့်ကျင်သပိတ်မှောက်တာကြောင့် ဆိုပြီး စစ်ကောင်စီက အလုပ်ဖြုတ်ခဲ့ပါတယ်။ အဲဒီသံတမန် နှစ်ယောက်က ဂျပန်နိုင်ငံမှာ သူတို့ကို ဆက်နေခွင့် ပေးဖို့ ဂျပန်အစိုးရကို မေတ္တာရပ်ခံထားပါတယ်။ ဂျပန်ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်ကောင်စီက အကြမ်းဖက်နှိမ်နင်းတာတွေကို အပြစ်တင်ရှုတ်ချပြီး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖမ်းခံထားရသူ တွေကို ပြန်လွှတ်ပေးရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်သွားရေးတွေ လုပ်ဆောင်ဖို့ တိုက်တွန်း နေပေမယ့် အမေရိကန်နဲ့ တခြားနိုင်ငံတွေက စစ်ကောင်စီကို အရေးယူပြစ်ဒဏ်ခတ်တဲ့ အထဲ မှာတော့ မပါဝင်ဘူးလို့ Kyodo သတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။