ဂျပန်နိုင်ငံသားလူငယ်တစ်ဦး ရန်ကုန်မှာ ဖမ်းဆီးခံရ

2022.07.30
ဂျပန်နိုင်ငံသားလူငယ်တစ်ဦး ရန်ကုန်မှာ ဖမ်းဆီးခံရ မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးရေးသမား Kubota Toru
岡口 巽

ရန်ကုန်မှာရောက်နေတဲ့ ဂျပန်နိုင်ငံသားတစ်ဦးကို စစ်ကောင်စီတပ်သားတွေ ဇူလိုင်လ ၃ဝ ရက် ဒီကနေ့ ညနေပိုင်းက ဖမ်းဆီးသွားတယ်လို့ ဂျပန်ရုပ်မြင်သံကြားတစ်ခုဖြစ်တဲ့ TBS သတင်းက ကြေညာပါတယ်။

ဖမ်းဆီးခံရတဲ့သူဟာ မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးရေးသမား Kubota Toru ဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ ရန်ကုန်က စစ်အာဏာရှင်ဆန့်ကျင်ရေး ပျောက်ကြားဆန္ဒပြတဲ့နေရာမှာ ကင်မရာကိုင်ပြီး ရောက်နေတုန်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံရတာလို့ သတင်းမှာ ဖော်ပြပါတယ်။

နီးစပ်ရာရဲစခန်းကို ဖမ်းခေါ်သွားတယ်လို့သာ သိရပြီး မြန်မာစစ်တပ်ဘက်က ဘာမှ ထုတ်ပြန်တာမရှိသေးဘူးလို့ ဆိုပါတယ်။ ရန်ကုန်က ဂျပန်သံရုံးကို TBS သတင်းဌာနက ဆက်သွယ်မေးမြန်းတဲ့အခါမှာ Kubota Toru အမှန်တကယ် ဖမ်းဆီးခံရတာ ဟုတ်၊မဟုတ်ကို စစ်ဆေးနေပြီး၊ ဖမ်းဆီးခံထားရတာ မှန်ရင်  ပြန်လွှတ်ပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုသွားမယ်လို့ သံရုံးတာဝန်ရှိသူက ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းမှာ "အမှန်တရားကို အမှားတစ်ရာဖမ်းထားသည်" ဆိုတဲ့ ပျောက်ကြားဆန္ဒပြပွဲအပြီး အဲဒီ့အနားက လူငယ် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနဲ့ ဂျပန်နိုင်ငံသားတစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဆန္ဒပြလူစုခွဲနေချိန်မှာ စစ်ကောင်စီတပ်သားတွေ အိမ်စီးကားနဲ့ ရောက်လာပြီး သုံးဦးကို ဖမ်းသွားတာလို့ ပြောပါတယ်။ ဂျပန်နိုင်ငံသား Kubota Toru ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကို လတ်တလော RFA က မေးလို့ မရသေးပါဘူး။

RFA က စုံစမ်းချက်အရ မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးရေးသမား  ဂျပန်နိုင်ငံသား Kubota Toru ဟာ အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ပါတယ်။ သူဟာ ကမ္ဘာ့မီဒီယာကြီးတွေ ဖြစ်တဲ့ Yahoo, Al Jazeera တို့လို သတင်းဌာနတွေနဲ့လည်း လက်တွဲ အလုပ်လုပ်ဖူးသလို သူ့ရဲ့ မှတ်တမ်းရုပ်ရှင်တွေဟာ နိုင်ငံတကာက ချီးမြှင့်တဲ့ဆုတွေ ရရှိထားပါတယ်။

တိုင်းရင်းသားဒေသတွေရဲ့ ပဋိပက္ခတွေနဲ့ ဒုက္ခသည်တွေအကြောင်း အထူးအလေးပေး မှတ်တမ်းရိုက်ကူးသူဖြစ်ပြီး ရိုဟင်ဂျာတွေ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့အကြောင်း မှတ်တမ်းတင်ရုပ်ရှင်နဲ့ ဆုရဖူးသူလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။