ဂျပန်-မြန်မာချစ်ကြည်ရေး ချယ်ရီ ပန်းစိုက်ပျိုးပွဲတော် ဒေါ်အောင် ဆန်းစုကြည် တက်ရောက်
2017.01.29

ချယ်ရီပန်းကို မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်စေမယ့် သင်္ကေတအဖြစ် မှတ်ယူဖို့လိုအပ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
ဒီနေ့ နေပြည်တော် လွှတ်တော်အနီးက ဗိုလ်ရှုခံစင်မြင့်နားမှာ ဂျပန် - မြန်မာချစ်ကြည်ရေး အထိမ်းအမှတ်နဲ့ ကျင်းပတဲ့ ချယ်ရီပန်းပင်တွေ စိုက်ပျိုးပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့တာဖြစ်ပါတယ်။
"ကျမတို့နိုင်ငံဟာ ငြိမ်းချမ်းရေးလမ်းပေါ်မှာ စတင်ပြီးလျှောက်လှမ်းနေတာဖြစ်ပါတယ်၊ ကျမတို့ငြိမ်းချမ်းရေးလမ်းဟာ လည်း လှပခြင်း၊ တင့်တယ်ခြင်း၊ မှန်ကန်ခြင်း၊ သဟဇာတရှိခြင်းဆိုတဲ့ တန်ဖိုးတွေကိုအလေးထားပြီးတော့ ကျမတို့ဆောက်တည်သွားရမှာပါ၊ ကမ္ဘာကြီးမှာဆိုရင် လူသားအားလုံးဟာ ငြိမ်းချမ်းရေးကိုလိုချင်တယ်၊ ငြိမ်းချမ်းရေးကို လိုလားတယ်၊ တမ်းတတယ်၊ တန်ဖိုးထားတယ်ဆိုတာ ကျမတို့ ယုံကြည်ပါတယ်၊ ငြိမ်းချမ်းရေးရဲ့အဓိပ္ပါယ်၊ ငြိမ်းချမ်းရေးရဲ့ တန်ဖိုးကိုနားမလည်တဲ့သူများသာလျှင် ငြိမ်းချမ်းရေးကို အလေးမထားတတ်တာ၊ မလိုလားတတ်တာဖြစ်ပါတယ်၊ ကျမတို့ နိုင်ငံသူ၊ နိုင်ငံသားများဟာ ငြိမ်းချမ်းရေး အလှအပကိုလည်း နားလည်အောင် သင်္ကေတအမျိုးမျိုးနဲ့ ကျမတို့ကြိုးစားသွားရမှာဖြစ် ပါတယ်၊ ငြိမ်းချမ်းရေးရဲ့ သင်္ကေတဟာ ဂျိုးဖြူငှက်လေးဖြစ်တယ်ဆိုတာ အားလုံးသိပြီးသားပဲ၊ ဒါပေမယ့် ချယ်ရီပန်းလို အင်မတန်မှ လှပပြီးတော့ မတူတဲ့ယဉ်ကျေးမှုကြားထဲမှာ အဆက်အသွယ်လုပ်ပေးနိုင်တဲ့ ပန်းလေးတစ်ခုဟာလည်း ငြိမ်းချမ်းရေးရဲ့သင်္ကေတဖြစ်ပါတယ်"
ချယ်ရီပန်းပင်စိုက်ပျိုးပွဲကို ပန်းပင်စိုက်တယ်လို့ မစဉ်းစားဘဲ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲအောင် ပြုစုပျိုးထောင်တယ်လို့ စိတ်ထဲမှာ မှတ်ယူဖို့ တိုက်တွန်းခဲ့ပါတယ်။
ချယ်ရီပန်းဟာ ဂျပန်နိုင်ငံရဲ့ယဉ်ကျေးမှုမှာ အရေးပါတဲ့ ပန်းဖြစ်ပြီး အခုလိုကောင်းမွန်တဲ့ ယဉ်ကျေးမှုကို မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။
ဒါ့အပြင် ချယ်ရီပန်းကို သင်ခန်းစာယူပြီး မိမိနိုင်ငံ မိမိပတ်ဝန်းကျင်နဲ့ ကမ္ဘာကြီးအတွက် အကျိုးရှိရှိ နေထိုင်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
နေပြည်တော်မှာ ချယ်ရီပန်းပင် တစ်ထောင်စိုက်ပျိုးမှာဖြစ်ပြီး ဒီနေ့မနက်မှာ အပင် ၁၀၀ စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။
အဲဒီပွဲကို ဂျပန် - မြန်မာ ပါလီမန် ချစ်ကြည်ရေးအသင်းဥက္ကဌ Mr. Ichiro Aisawa နဲ့ အဖွဲ့ဝင်တွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်း ၊ နေပြည်တော် ကောင်စီဥက္ကဌ ဦးမျိုးအောင် နဲ့ ပြည်ထောင်စုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။