မြန်မာ့စီးပွားရေး ဦးမော့အောင် ဂျပန်အစွမ်းကုန် ကူညီမည်

UMFCCI မှာ မေလ ၂၅ ရက်နေ့ကကျင်းပတဲ့ စီးပွားရေး လုပ်ငန်းရှင်များဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကို တွေ့ရစဉ်
UMFCCI မှာ မေလ ၂၅ ရက်နေ့ကကျင်းပတဲ့ စီးပွားရေး လုပ်ငန်းရှင်များဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကို တွေ့ရစဉ် (photo: RFA/ Kyaw Zaw Win)

မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုရအောင် အကူအညီပေးနိုင်တာအားလုံး အစွမ်းကုန် ကူညီထောက်ပံ့ပေးသွားမယ်လို့ ရန်ကုန်မြို့မှာ ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟာ ခရီးစဉ်ပထမနေ့မှာ ရန်ကုန်မြို့အနီးက ဧက ၆၀၀၀ ကျော်ရှိတဲ့ သီလဝါဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်ကို သွားရောက်ခဲ့ပြီး ဂျပန်စီးပွားရေးလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို တက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံလိုတဲ့ ဂျပန်ကုမ္ပဏီတွေ အတော်များများ အဆင်သင့်ရှိနေပေမယ့် မြန်မာနိုင်ငံမှာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှုမရှိသေးတာကြောင့် ရင်းနှီးမြှပ်နှံဖို့ စိုးရိမ်နေကြသေးတယ်လို့ မြန်မာနိုင်ငံကို ၃ ရက်ကြာ ခရီးရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ်က ရန်ကုန်မြို့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံးမှာ ဒီကနေ့ကျင်းပတဲ့ မြန်မာ-ဂျပန် စီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။ ဝန်ကြီးချုပ်ရဲ့ ပြောကြားချက်ကို စကားပြန်က အခုလို ပြောပါတယ်။

"ဂျပန်အစိုးရဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုနဲ့ ပတ်သက်ပြီး လေ့လာနေပါတယ်။ ဂျပန်ကုမ္ပဏီ ၁၀၀ လောက်ရှိနေပါတယ်။ တချို့က ဝင်ရောက်ရင်းနှီးမြှပ်နှံကြပြီးသားဖြစ်ပေမယ့် အတော်များများကတော့ မြန်မာနိုင်ငံမှာ အခြေခံအဆောက်အအုံတွေဖွံ့ဖြိုးမှု အားနည်းနေတာကြောင့် စိုးရိမ်မှုတွေ ရှိနေကြသေးတယ်" လို့ စကားပြန် အမျိုးသမီးက ပြောသွားတာပါ။

ဒါ့အပြင် မြန်မာနိုင်ငံမှာ မြေဈေးကြီးမြင့်လွန်းတာအပြင် စက်မှုဇုန်တွေ တည်ဆောက်နိုင်ဖို့ မြေရှားပါးနေတာတွေကိုလည်း ထောက်ပြသွားခဲ့ပါတယ်။

တပြိုင်နက်တည်းမှာ ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အားပေးကူညီသွားမှာဖြစ်ပြီး မနက်ဖြန် သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံရာမှာလည်း မြန်မာနိုင်ငံအပေါ် ကူညီနိုင်တဲ့ကိစ္စရပ်တွေ ကူညီသွားဖို့ ကမ်းလှမ်းသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟာ ဒီကနေ့ မနက်ပိုင်းက အာဇာနည်ဗိမာန်ကို သွားရောက်ဂါရဝပြုခဲ့သလို ရန်ကုန်မြို့က ဂျပန်စစ်သချိုင်းနဲ့ သီလဝါစက်မှုဇုန်တို့ကို သွားရောက်ကြည့်ရှုခဲ့ပြီး ညနေပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။