တရားဥပဒေစိုးမိုးရေး အရေး ကြီးကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြော

0:00 / 0:00

မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့အတွက် တိုင်းပြည်မှာ တရားဥပဒေစိုးမိုးမှုှုရှိရေးဟာ အရေးကြီးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့မှာ ပြောလိုက်ပါတယ်။

ဒီနေ့မနက်ပိုင်းက တိုကျိုတက္ကသိုလ်မှာ ဂျပန်ကျောင်းသူ၊ ကျောင်းသား ၄၀၀ ပတ်ဝန်းကျင်လောက်နဲ့ တွေ့ဆုံရာမှာ ပြောခဲ့တာပါ။

တရားဥပဒေ စိုးမိုးရေးအတွက် လိုအပ်ချက်တွေမှာ တရားစီရင်ရေး ကဏ္ဍတစ်ခုတည်းကို ဆိုလိုတာမဟုတ်ပဲ အစိုးရ၊ အုပ်ချုပ်ရေးဆိုင်ရာအပြင်၊ လုံခြုံရေးတပ်ဖွဲ့တွေကိုပေးတဲ့သင်တန်း စတာတွေအားလုံးနဲ့ သက်ဆိုင်ကြောင်း ထောက်ပြပြောဆိုခဲ့ပါတယ်။

ပြည်သူတွေအတွက် လုံခြုံစိတ်ချရမှုရှိတဲ့ လူ့အဖွဲ့အစည်း တည်ဆောက်ဖို့အတွက် မတူကွဲပြားမှုတွေကို ဆွေးနွေးညှိနှိုင်းခြင်းနဲ့သာ အဖြေရှာကြရမယ်လို့လည်း ပြောခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမဏ္ဍိုင်ဟာ ဒီမိုကရေစီကျင့်စဉ်နဲ့ အလှမ်းဝေးနေသေးကြောင်း၊ လက်ရှိတရားစီရင်ရေးမဏ္ဍိုင်ကို အုပ်ချုပ်ရေးမဏ္ဍိုင်က လွှမ်းမိုးထားဆဲဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၁၈ ရက်နေ့ မနက်ဖြန်မှာ ဝန်ကြီးချုပ် Shinzo Abe နဲ့ ဆွေးနွေးမှာဖြစ်ပြီး အဲဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေအတွက် ဂျပန်အစိုးရကကူညီဖို့ ဆွေးနွေးနိုင်ကြောင်း ဂျပန်သတင်းစာတွေက ရေးသားပါတယ်။

ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့အချက်တချို့ကို RFA ဝိုင်းတော်သား ဦးဝင်းနိုင် တင်ပြထားပါတယ်။