ပြည်နယ် သုံးခုအတွက် ဂျပန်အစိုးရ ဒေါ်လာ ၇ သန်းကျော် ထောက်ပံ့ကူညီ


2013.03.29

ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ ဖွံ့ဖြိုးရေးအတွက် ဂျပန်အစိုးရက အမေရိကန် ဒေါ်လာ ၇ သန်း ၄ သိန်း ထောက်ပံ့ကူညီလိုက်တယ်လို့ သိရပါတယ်။

ဒီအတွက် ကချင်ပြည်နယ်က မြို့နယ် ၄ ခု၊ ချင်းနဲ့ ရှမ်းပြည်နယ်က မြို့နယ် ၃ ခုဆီမှာရှိတဲ့ မိသားစု ၅ သောင်းလောက်အတွက် ဖွံ့ဖြိုးရေးအစီအစဉ်တွေဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

သူတို့အတွက် အခြေခံအဆောက်အဦတွေဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ အိုးအိမ်တည်ဆောက်ပေးတာ၊ ရေနဲ့ သန့်ရှင်းရေးစနစ် တည်ဆောက်ပေးတာ၊ ပညာရေးနဲ့ ဝင်ငွေရမယ့်အလုပ်အကိုင် ဖန်တီးပေးတာ၊ အသက်မွေးဝမ်းကြောင်းမှု အတတ်ပညာသင်တန်းပေးတာတွေ ပါဝင်မယ်လို့ဆိုပါတယ်။

ဒီထောက်ပံ့ငွေကို ဂျပန်အစိုးရက ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ပြန်လည်ထူထောင်ရေးအစီအစဉ် (UN-Habitat) ကနေတဆင့် ပေးအပ်လိုက်တာဖြစ်ပြီး၊ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က နေပြည်တော်မှာ ဂျပန်သံအမတ်ကြီး မစ္စတာ မီကီအို နူ-မ-တ (Mikio Numata)၊ ကုလသမဂ္ဂအရာရှိ မစ္စတာ ဆရီနီဗာဆာ ပိုပူရီ၊ မြန်မာအစိုးရဘက်က နယ်စပ်ရေးရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်ဝင်းတို့ လက်မှတ်ထိုးခဲ့ကြတယ်လို့ ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ပြန်လည်ထူထောင်ရေး အစီအစဉ်ဌာနရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဂျပန်နိုင်ငံရဲ့ အခုအကူအညီဟာ မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် အများဆုံးရတဲ့အလှူငွေ ဖြစ်တယ်လို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။