လွှတ်တော်အနီးမှာ ဒရုန်းလွှတ်တင်ခဲ့တဲ့ ပြင်သစ်နိုင်ငံသားကို ထောင်ဒဏ်အမိန့်ချ

နေပြည်တော် လွှတ်တော်ဝန်းအနီး ဒရုန်းလွှတ်တင်ခဲ့လို့ ဖမ်းဆီးထားတဲ့ ပြင်သစ်နိုင်ငံသား Mr.Arthur Desclaux ကို တွေ့ရစဉ်
နေပြည်တော် လွှတ်တော်ဝန်းအနီး ဒရုန်းလွှတ်တင်ခဲ့လို့ ဖမ်းဆီးထားတဲ့ ပြင်သစ်နိုင်ငံသား Mr.Arthur Desclaux ကို တွေ့ရစဉ် (THET AUNG / AFP)

နေပြည်တော် လွှတ်တော်ဝင်းအနီးမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့က ဒရုန်းလွှတ်တင်ခဲ့တာကြောင့် ဖမ်းဆီးထားတဲ့ ပြင်သစ်နိုင်ငံသား Mr.Arthur Desclaux ကို ဒရုန်းတရားမဝင် ကိုင်ဆောင်မှု ပို့ကုန်၊ သွင်းကုန် ဥပဒေ ပုဒ်မ ၈ နဲ့ ဥတ္တရသီရိမြို့နယ် တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၁ လ ဒီနေ့ အမိန့်ချလိုက်ပါတယ်။

ပြင်သစ်နိုင်ငံသားက အမြန်ဆုံး စစ်ဆေးပေးဖို့ တင်ပြထားတာကြောင့် တရားလိုနဲ့ တရားလိုပြသက်သေတွေကို ဒီနေ့မှာ အပြီးစစ်ဆေးပြီး လွှတ်တော်ဝန်းအနီးမှာ ဒရုန်းလွှတ်တင်ခဲ့ကြောင်း ဝန်ခံခဲ့တာကြောင့် အပြီးသတ် အမိန့်ချမှတ်လိုက်တာဖြစ်ကြောင်း တရားလိုဖြစ်တဲ့ ဥတ္တရသီရိမြို့နယ် စခန်းမှူး ရဲမှူးကြီး မင်းတင်က RFA ကို ပြောပါတယ်။

Mr.Arthur Desclaux ဟာ အမှုအတွက် ရှေ့နေ ငှားရမ်းခဲ့ခြင်းမရှိတာကြောင့် အစိုးရက ပေးတဲ့ ရှေ့နေနဲ့ အမှုရင်ဆိုင်ခဲ့တာဖြစ်ပြီး တရားလိုပြသက်သေ ၄ ဦးကို ဒီနေ့မှာစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ပြင်သစ်နိုင်ငံသားဟာ ထိုင်းနိုင်ငံကနေ တဆင့် မဲဆောက်- မြဝတီ နယ်စပ်ဂိတ်ကနေ မြန်မာနိုင်ငံအတွင်းကို ဇန်နဝါရီလ ၃၀ ရက်နေ့မှာ စက်ဘီးနဲ့ ဝင်ရောက်လာတာဖြစ်ပြီး လမ်းခရီးတစ်လျှောက်မြို့တွေမှာ ညအိပ်ရပ်နားခဲ့ပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ နေပြည်တော်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး နေထိုင်ဖို့ နေရာမရှာရသေးခင်မှာ ဖမ်းဆီးခံရတာဖြစ်ကြောင်း ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

ဒရုန်းလွှတ်တင်မှုကြောင့် ဖမ်းဆီးခံရသူဟာ မြန်မာနိုင်ငံကို အလည်လာတဲ့ ခရီးသွားတစ်ဦးသာဖြစ်ကြောင်းနဲ့ သတိမထားမိဘဲ နေပြည်တော်မှာ ဒရုန်းသုံးခဲ့မိတာဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ် ကောင်စစ်ဝန် Frederic Inza က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရုံးချိန်းမှာ သတင်းထောက်တွေကို ပြောဆိုထားပါတယ်။ ဒီနေ့ အမိန့်ချမှတ်တာကိုလည်း ပြင်သစ်ကောင်စစ်ဝန်က လာရောက်စောင့်ကြည့်ခဲ့ပါတယ်။

အဲဒီပြင်သစ်နိုင်ငံသားကို ဒီနေ့ညနေပိုင်းမှာပဲ အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ရဲမှူးကြီး မင်းတင်က ပြောပေမယ့် ဘယ်အကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်ဆိုတာကိုတော့ ပြောဆိုခြင်းမရှိပါဘူး။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။