၂၀၁၄ ခုနှစ်ကနေ လက်ရှိအချိန်အထိ မြန်မာ့တွင်းထွက် ကျောက်စိမ်းကနေ ရရှိတဲ့အခွန်ငွေ ကျပ်သန်းပေါင်း ၅ သောင်းကျော်ရှိကြောင်း ကချင်ပြည်နယ် သယံဇာတ နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး က ဒီနေ့ ပြောပါတယ်။
ကျောက်စိမ်းတွေကို ကားမျိုးစုံနဲ့ သယ်ယူနေတာ တရားဝင် သယ်ယူတာ ဟုတ်မဟုတ်နဲ့ နှစ်စဉ်အခွန်ငွေ ရရှိတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ဖားကန့်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်း က ဒီကနေ့ လွှတ်တော်မှာ မေးမြန်းတာကို သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးHလအောင် က ဖြေကြားခဲ့တာဖြစ်ပါတယ်။
"၂၀၁၄ ကနေ ကနေ့အထိ အားလုံးပေါင်း ကျပ်သန်းပေါင်း ၅၅၅၄၇.၃၄၉ နိုင်ငံတော်ရဲ့ အခွန်ဘဏ္ဍာအဖြစ် ကောက်ခံရရှိကြောင်း ရှင်းလင်းဖြေကြားပါတယ်"
နိုင်ငံတော်က နှစ်သက်တမ်းအလိုက် ခွင့်ပြုထားတဲ့ လုပ်ကွက် ကုမ္ပဏီတွေအနေနဲ့ တူးဖော်ရရှိတဲ့ ကျောက်စိမ်း အရိုင်းတုံးတွေကို သက်ဆိုင်ရာ တန်ဖိုးဖြတ်အဖွဲ့ကို ပြသပြီး မှတ်ပုံတင်တာ၊ ရတနာခွန်ဆောင်တာတွေ ပြုလုပ်ရပါတယ်။
အဲဒီလို အခွန်တွေဆောင်ပြီးရင် ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဋ္ဌာန ရဲ့ ခွင့်ပြုမော်တော်ယာဉ်နဲ့ တင်ဆောင်ပြီး၊ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်ရဲ့ လုံခြုံရေးခွင့်ပြုချက်နဲ့ နေပြည်တော်၊ မြစ်ကြီးနားမြို့တွေကို သယ်ယူခွင့်ပြုတာလို့ ဝန်ကြီးက ပြောပါတယ်။
မြန်မာ့ကျောက်မျက်ရတနာဥပဒေနဲ့ နည်းဥပဒေကို စတင်ပြဋ္ဌာန်းခဲ့တဲ့ ၁၉၉၅ ခုနှစ်ကစပြီး လုံးခင်း-ဖားကန့် ရတနာနယ်မြေမှာ နိုင်ငံသားလုပ်ငန်းရှင်တွေကို ကျောက်စိမ်းတူးဖော်ရေးတွေကို ခွင့်ပြုခဲ့ပေမယ့် ၂၀၁၆ ဧပြီလ ၁ ရက်နေ့ကစပြီး အသစ်ထပ်မံ ခွင့်မပြုတော့သလို သက်တမ်းတိုးခွင့်လည်း မပြုတော့ဘူးလို့ ဆိုပါတယ်။
လက်ရှိတူးဖော်နေတဲ့ ကျောက်မျက်ကုမ္ပဏီတွေဟာ ၂၀၁၈ ၊ ၂၀၁၉၊ ၂၀၂၀ စသဖြင့် နှစ်တွေအလိုက် သက်တမ်း ကုန်ဆုံးကြမှာဖြစ်ပါတယ်။