မေးခွန်းနဲ့ အဆို မေးမြန်းတင်သွင်းခြင်းမရှိသူ စာရင်းမှာ ဦးမန်းဂျော်နီ ပါဝင်
ဒုတိယအကြိမ် ကျင်းပခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ၂၄ ကြိမ်မှာ ဦးမန်းဂျော်နီ အပါအဝင် နှစ်ဦးက မေးခွန်းနဲ့ အဆိုတစ်ခုမှ မေးမြန်း တင်သွင်းခြင်းမရှိဘူးလို့ လွှတ်တော်မှတ်တမ်းတွေကနေ သိရပါတယ်။
-
စိုးသိမ်း
2021-01-11 -
-
-
ဒုတိယအကြိမ် ကျင်းပခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ၂၄ ကြိမ်မှာ ဦးမန်းဂျော်နီ အပါအဝင် နှစ်ဦးက မေးခွန်းနဲ့ အဆိုတစ်ခုမှ မေးမြန်းတင်သွင်းခြင်းမရှိဘူးလို့ လွှတ်တော်မှတ်တမ်းတွေကနေ သိရပါတယ်။
မေးခွန်းနဲ့ အဆို မေးမြန်း၊ တင်သွင်းခြင်း မရှိတဲ့ လွှတ်တော်အမတ်နှစ်ဦးက ကျုံပျော်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမန်းဂျော်နီနဲ့ ကျိုတ်လတ်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းလှိုင်တို့ ဖြစ်ပါတယ်။
အဲဒီ လွှတ်တော်အမတ် နှစ်ဦးဟာ မေးခွန်းနဲ့ အဆို မေးမြန်း၊ တင်သွင်းခြင်းမရှိပေမယ့် တခြားလွှတ်တော် ကိုယ်စားလှယ်တွေ တင်သွင်းတဲ့ အဆိုတွေမှာတော့ ထောက်ခံဆွေးနွေးတာ တစ်ကြိမ်စီရှိတယ်လို့ လွှတ်တော်မှတ်တမ်းတွေက ဖော်ပြပါတယ်။
ဦးမန်းဂျော်နီ ဟာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိပြီးနောက် ၂၀၁၆ ခုနှစ် မတ်လ ကနေ ၂၀၁၈ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းအထိ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့သူပါ။
၂၀၁၈ ခုနှစ် အစမှာ ဧရာဝတီတိုင်းဝန်ကြီးချုပ် ရာထူးကနေ နုတ်ထွက်ခဲ့ပြီး လက်ရှိအချိန်အထိ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။
မကြာခင်က ကျင်းပပြီးစီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိထားပါတယ်။
ကျိုတ်လတ်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းလှိုင် ကတော့ ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးမခံတော့ပါဘူး။
ဦးမန်းဂျော်နီ ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ ၁၉၉၀ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ နဲ့ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတို့မှာ အနိုင်ရရှိခဲ့ပြီး ရွေးကောက်ပွဲ လေးခု အနိုင်ရရှိထားသူလည်း ဖြစ်ပါတယ်။
ဒုတိယအကြိမ် ဧရာဝတီတိုင်းလွှတ်တော်မှာ ၂၄ ကြိမ်မြောက် အစည်းအဝေးအထိ ကြယ်ပွင့်ပြမေးခွန်း ၁၀၇၄ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၂၁၉ ခု နဲ့ အဆို ၄၄ ခု မေးမြန်းတင်သွင်းမှုတွေ ရှိခဲ့တယ်လို့ တိုင်းဒေသကြီးလွှတ်တော် မှတ်တမ်းတွေကနေ သိရပါတယ်။