ဧရာဝတီကို ကယ်တင်ဖို့ သမ္မတထံ လက်မှတ်ရေးထိုး ပေးပို့

ဧရာဝတီမြစ်ကို ကယ်တင်ဖို့ အစိုးရကို တောင်းဆိုတဲ့ လှုပ်ရှားမှုမှာ စာပေ၊ ဂီတ၊ ရုပ်ရှင် အနုပညာနယ် အသီးသီးက ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ အပါအဝင် ကျောင်းသား ပြည်သူတွေရဲ့ လက်မှတ်ပေါင်း (၁၆၀၀) ကို သမ္မတနဲ့ ဒုသမ္မတဆီ ဒီကနေ့ ပေးပို့လိုက်တယ်လို့ သိရပါတယ်။

2011.09.01
irrawaddy-smallboat-eco-305-z- ဧရာဝတီ မြစ်ကြောင်းတလျှောက် မြစ်ကို အမှီပြုပြီး နေထိုင် လုပ်ကိုင်နေကြရသော ပြည်သူများကို တွေ့ရစဉ်။ လက်လုပ်လက်စား ပြည်သူများသည် ယနေ့ထက်တိုင် လှေကို အားထားပြီး သွားလာနေရဆဲ ဖြစ်ပါသည်။ (ဓါတ်ပုံ - RFA)
RFA

ဒီကိစ္စနဲ့ပတ်သက်လို့ လက်မှတ် စုဆောင်းရာမှာ ဦးဆောင်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသား ကိုမြတ်သူက RFA ကို အခုလို ပြောပါတယ်။

"ဒီကနေ့ကတော့ ပထမ အသုတ်အနေနဲ့ စာပေနယ်ထဲက သူတွေ၊ လူမှုရေး လုပ်ငန်းထဲကသူတွေ ပတ်သက်ပြီးတော့မှ လက်မှတ် ၁၆၀၀ လောက်ကို တင်တာပါ။ ဘဘ ဟံသာဝတီ ဦးဝင်းတင် ပါပါတယ်။ နောက် ဆရာကြီး လူထု ဦးစိန်ဝင်းပါပါတယ်။ လူမှုရေးဘက်ကဆိုရင် ကိုကျော်သူ ပါပါတယ်။ နောက် ဆရာ ဦးအောင်သင်း၊ ဆရာ ဇော်ဇော်အောင်၊ ဆရာ မောင်ဝံသတို့ သူတို့တွေလည်း ပါကြတယ် ခင်ဗျ။"

ဧရာဝတီမြစ်ဆုံမှာ ဆည်တွေဆောက်-ရေအားလျှပ်စစ် ထုတ်ပြီး တရုတ်ပြည်ကို ရောင်းမယ့် အစီအစဉ်ဟာ ဧရာဝတီမြစ်ကြီး ပျက်ဆီးမယ့် အရေး ဖြစ်သလို မြစ်ဖျားခံရာ ကချင်ပြည်နယ်ကနေ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ထိ လူသန်းပေါင်းများစွာရဲ့ အနာဂတ် ဘဝတွေ ထိခိုက်မယ့် အရေး အတွက် တားဆီး ကာကွယ်ဖို့ သမ္မတဆီ တောင်းဆိုနေကြတာပါ။

ဒီကနေ့ တင်ပြတဲ့ စာနဲ့လက်မှတ်တွေကို ရန်ကုန် စာတိုက်ကြီးကနေ တဆင့် သမ္မတရုံးကို ပို့လိုက်တာလို့ ကိုမြတ်သူက ပြောပါတယ်။ အခုလို ဧရာဝတီ ကယ်တင်ရေး တောင်းဆို လက်မှတ်ထိုးရာမှာ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူနဲ့ ဇနီး ဒေါ်ရွှေဇီးကွက်တို့လည်း ပါဝင်တဲ့အတွက် ဘာကြောင့် အခုလို ဆန္ဒပြု လက်မှတ်ထိုးရလဲလို့မေးကြည့်တဲ့ အခါမှာ ဒေါ်ရွှေဇီးကွက်က အခုလို ပြောပါတယ်။

"ဧရာဝတီဆိုတာက ကျမ စာတွေထဲမှာ ဖတ်ဖူးတာပေါ့နော်။ ဒီမြစ်တွေဟာ တိုင်းပြည်တခုထဲက ပိုင်ဖို့ခက်တယ်။ ကျမတို့ရဲ့ ကိုယ်ပိုင်မြစ်ဆိုတော့ မပျောက်သွားစေချင်တာ အမှန်ဘဲ။ လွန်ခဲ့တဲ့ အနှစ် ၄၀ တုံးက ကျမ အဖေက သံရုံးကဆိုတော့ အနောက်ဂျာမဏီမှာ သွားနေဖူးတယ်။ အဲဒီမှာ သူတို့ရဲ့ ရိုင်းမြစ်ဆိုတာ၊ ကျမတို့ဆီက ရန်ကုန်မြစ်လောက်ပဲ ရှိမယ်။ အဲဒီ ရိုင်းမြစ်ကို ဘေးကနေပြီးတော့ သူတို့က ကျောက်တုံးတွေနဲ့ အင်္ဂတေတွေနဲ့ မံပြီးတော့ မြစ်ကြောင်း မပြောင်းအောင်ပေါ့နော်။ အသေအချာ စောင့်ရှောက်ထားတာ မြင်ခဲ့တယ်လေ။ ကျမတို့ဆီက မြစ်ကိုလည်း အဲဒီလို စောင့်ရှောက်စေချင်တာ။ အခုဟာက အဲလို မစောင့်ရှောက်ပဲ ပိုတောင် ဆိုးသွားသလို ဖြစ်နေလို့ပါ။ မြစ်ကြောင့်ပဲ ကျမတို့ တိုင်းပြည်က ဆန်ရေစပါးရော လမ်းပန်းဆက်သွယ်ရေးရော အများကြီး အကျိုးများနေတာကိုး။ အဲဒါတွေ ဆုံးရှုံးသွားမှာ ကျမတို့ ကြောက်လို့ပါ။"

ဒီလှုပ်ရှားမှု အတွက် ဆန္ဒပြုတဲ့ လက်မှတ်တွေ ဆက်လက် ကောက်ခံသွားမှာ ဖြစ်ပြီး နောက်ထပ်ရ လာဦးမယ့် လက်မှတ်တွေကိုလည်း သမ္မတဆီ ဆက်လက် တင်ပြသွားမယ်လို့ ဦးဆောင်သူ လူငယ်တွေက ပြောပါတယ်။

မြစ်ဆုံရေကာတာနဲ့ပတ်သက်လို့ နောက်ဆုံး အခြေအနေတွေကို ဦးနေရိန်ကျော်က တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။