ကြားဖြတ် ရွေးကောက်ပွဲကို နိုင်ငံတကာက စောင့်ကြည့်နေ

မြန်မာနိုင်ငံက အပြောင်းအလဲတွေကို အကဲဖြတ်နိုင်ဖို့ ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံတကာအသိုင်းအဝိုင်းက စောင့်ကြည့်နေတယ်လို့ မြန်မာ့အရေး လေ့လာနေသူတွေက ပြောဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံ လမ်းမှားပေါ်ကို ရောက်သွားနိုင်တဲ့ အလားအလာများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်မှာ မြန်မာ့အရေး ဆွေးနွေးပွဲတစ်ခု မနေ့က ပြုလုပ်ခဲ့ပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရေးအတွက် ရွေးကောက်ပွဲတစ်ခုတည်းနဲ့ မလုံလောက်ပေမယ့် မြန်မာနိုင်ငံ အခြေအနေမှာတော့ မကြာခင်ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ တကယ်ပဲအပြောင်းအလဲကို ဦးတည်နေသလားဆိုတာ အဆုံးအဖြတ် ပေးမှာဖြစ်တယ်လို့ ဆွေးနွေးပွဲမှာ အဓိကဦးဆောင်ပြောဆိုသူ့ အပြည်ပြည်ဆိုင်ရာ ရီပါဘလစ်ကင်အဖွဲ့ IRI ဥက္ကဋ္ဌ Lorne Craner က ပြောပါတယ်။ မြန်မာပြည်က အပြောင်းအလဲတွေမှာ နောက်ပြန်လှည့်သွားနိုင်တဲ့ အခြေအနေတွေကိုလည်း တစ်ပြိုင်နက်တည်း တွေ့နေရပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေဟာလည်း ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မဖြစ်သေးဘဲ လက်တွေ့မှာ အာဏာကို ဗဟိုက ချုပ်ကိုင်ထားဆဲဖြစ်ပြီး အာဏာရှိသူတွေဟာ ပြီးခဲ့တဲ့ စစ်အာဏာရှင်တွေနဲ့ နီးစပ်သူတွေ ဖြစ်နေတဲ့အချက်က အပြောင်းအလဲကို ရှုပ်ထွေးစေတဲ့ အချက်ဖြစ်နေကြောင်း Lorne Craner က ပြောသွားပါတယ်။ ဒီ မြန်မာ့အရေး ဆွေးနွေးပွဲကို Heritage Foundation က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး IRI ဥက္ကဋ္ဌနဲ့အတူ US campaign for Burma အဖွဲ့ရဲ့ အမှုဆောင် ညွန်ကြားရေးမှူး ဦးအောင်ဒင်နဲ့ Freedom House ဥက္ကဋ္ဌ Jared Genser တို့က အဓိက ဦးဆောင်ပြောဆိုခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အသေးစိတ်ကို နားဆင်နိုင်ပါတယ်။

0:00 / 0:00