ဒေါ်အောင်ဆန်းစုကြည်ကို အိုင်ယာလန်က ဆုလက်ခံရန်ဖိတ်ကြား
2010.12.17

(Photo: AFP)
Galway မြို့တော်ကောင်စီဟာ ၂၀၀၅ ခုနှစ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို Freewoman of Galway ဆု ချီးမြှင့် ဂုဏ်ပြုခဲ့တာပါ။ ဒါပေမဲ့ အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ် အကျဉ်းကျခံနေရတဲ့အတွက် မောင်နှမ ဝမ်းကွဲတော်စပ်သူ အဝေးရောက် ညွန့်ပေါင်းအစိုးရ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက ကိုယ်စားတက်ရောက် လက်ခံခဲ့ပါတယ်။ အခုဖိတ်ခေါ်ချက်နဲ့ပတ်သက်ပြီး ဒေါက်တာ စိန်ဝင်းက ခုလို ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်က ဆုအများဆုံးလို့တော့ ကျွန်တော် ထင်တာပဲ။ ဒီ ပုဂ္ဂိုလ်တဦးအနေနဲ့ အမျိုးမျိုးသော ဆုတွေကို သူရနေတယ်။ သို့သော်လည်းပဲ တခါမှ ထွက်ပြီး ဒီဆုတွေကို လက်ခံလို့ မရဘူး။ မရတာလည်း အကြောင်းအမျိုးမျိုး ကျွန်တော်တို့ သိပါတယ်။ ဆိုတော့ ကျွန်တော်တို့ ဗမာပြည်သူတယောက်အနေနဲ့ကော၊ ဒီမိုကရေစီ ခေါင်းဆောင်တယောက် အနေနဲ့ကော၊ အမျိုးသမီး တယောက် အနေနဲ့ကော၊ ဒီလို နိုင်ငံတကာက ဆုချီးမြှင့်တာကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကတော့ ပြောတာပေါ့နော်၊ ဒါ ပြည်သူတွေရဲ့ ကိုယ်စား သူယူပါတယ်လို့ သူ အမြဲတမ်း ပြောပါတယ်။ နိုင်ငံတကာရဲ့ တကဲ့ကို ကြီးမားတဲ့ ဆုတွေ ရတဲ့အတွက် ကျွန်တော်တို့ အားလုံး ဝိုင်းပြီးတော့။”
အခု ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာတဲ့အတွက် ဒီဆုကို ပုံမှန်အခမ်းအနားနဲ့ ပေးအပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဆုလက်ခံရေးအတွက် တရားဝင်ဖိတ်ကြားဖို့ မြို့တော်ဝန် ဦးဆောင်တဲ့ Galway မြို့တော်ကောင်စီက တညီတညွတ်တည်း စည်းဝေး ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
Galway မြို့တော်ကောင်စီလူကြီးတဦးကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မာတင်လူသာကင်း၊ မဟတ္တမ ဂန္ဓီ တို့လို ကမ္ဘာ့ သူရဲကောင်း ရုပ်ပုံလွှာတခု ဖြစ်ပါတယ်၊ တနေ့နေ့ တချိန်ချိန် မှာတော့ မိမိတို့ရဲ့ဖိတ်ခေါ်ချက်ကို လက်ခံ အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုလိုက်ပါတယ်။