အီရန်သံအဖွဲ့ရဲ့ ရခိုင်ခရီးစဉ်
2013.01.16

ဒီကနေ့မနက်ပိုင်းက စစ်တွေဟိုတယ်မှာ သံအမတ်ကြီးရဲ့ ရခိုင်ခရီးစဉ်နဲ့ ပတ်သက်ပြီး RFA က တွေ့ဆုံမေးမြန်းခဲ့ရာမှာ သံအမတ်ကြီးက ကျနော်တို့မနေ့က ကယ်ဆယ်ရေးစခန်း ၅ခုကို သွားရောက်ခဲ့ပါတယ်။ အဲဒီမှာမြင်တွေ့ခဲ့ရတာကတော့ နံပါတ် ၁က အစားအသောက်ရယ်၊ နံပါတ် ၂က ဆေးဝါးလုံလောက်မှုမရှိတာရယ်၊ တတိယအချက်အနေနဲ့ကတော့ နေထိုင်ရေးကိစ္စတွေမှာ အခက်အခဲဖြစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်၊ ဒါတွေဟာ ဒုက္ခသည်စခန်းအားလုံးမှာ လတ်တလော လိုအပ်နေတဲ့အရာတွေပဲ ဖြစ်ပါတယ် လို့ ပြောသွားပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဒုက္ခသည်တွေအတွက် ပြန်လည်ထူထောင်ရေးကိစ္စရပ်တွေကို ဆောင်ရွက်ရာမှာ လတ်တလောလိုအပ်ချက်တွေကို စီမံဖြည့်ဆည်းပြီးမှ ရေရှည်အတွက် ဆက်လက်လုပ်ကိုင်ရမယ့်အရာတွေကို စဉ်းစားသင့်ကြောင်း သံအမတ်ကြီးက ဆိုပါတယ်။
အဲဒီအဖွဲ့နဲ့အတူပါလာတဲ့ အီရန်ပါလီမန်အမတ် Mr. Mansoor Pour ကလည်း ဒုက္ခသည်တွေအနေနဲ့ မြေပြင်ပေါ်မှာဆောက်ထားတဲ့ ယာယီတဲတွေနဲ့ နေထိုင်နေကြရတဲ့အတွက် အတော်ဒုက္ခရောက်နေကြောင်း၊ ဒါတွေကိုအစိုးရအနေနဲ့ ထိထိရောက်ရောက် ဖြေရှင်းဖို့လိုအပ်ကြောင်း၊ ဒါ့အပြင် ဒုက္ခသည် ကလေးငယ်တွေ ပညာသင်ကြားနိုင်ဖို့ စာသင်ကျောင်းတွေ ဆောက်လုပ်ပေးဖို့လည်း လိုအပ်ကြောင်းပြောပါတယ်။
အီရန်နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေ ပြန်လည်ထူထောင်ရေး ကိစ္စရပ်တွေအတွက် လိုအပ်တာတွေကို အကူအညီတွေပေးသွားဖို့အသင့်ရှိပြီး လက်ရှိမှာလည်း ဒုက္ခသည်တွေ နေထိုင်နိုင်တဲ့ ယာယီတဲအိမ်တွေကို လေယာဉ်နဲ့ ရခိုင်ပြည်နယ်ကို ပေးပို့ထားတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး Mr. Hossein Kamalian အပါအဝင် အီရန်ပါလီမန်အမတ် ၃ဦးနဲ့ အီရန်လခြမ်းနီအဖွဲ့က ကိုယ်စားလှယ်တွေဟာ မနေ့က ရခိုင်ပြည်နယ်ကို ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီအဖွဲ့ဟာ ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ဒုက္ခသည်တွေအတွက် စားသောက်ကုန်အချို့နဲ့ ဆောင်းရာသီမှာ အဓိကလိုအပ်နေတဲ့ စောင်တွေကို မနေ့က ပေးအပ်လှူဒါန်းခဲ့ပါ တယ်။
အီရန်သံအဖွဲ့အနေနဲ့ ဒုက္ခသည်ပြန်လည်ထူထောင်ရေး ကိစ္စရပ်တွေအတွက် မနေ့က ညနေပိုင်းမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သလို ဒီကနေ့မနက်ပိုင်းမှာလည်း ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ အစိုးရတာဝန်ရှိသူတွေ၊ နှစ်ဘက်စလုံးက ကိုယ်စားလှယ်တွေနဲ့ ၂နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒီဆွေးနွေးပွဲမှာ အီရန်ပါလီမန်အမတ်တွေအနေနဲ့ ရခိုင်ပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် နှစ်ဦးနှစ်ဘက် ပြန်လည်သင့်မြတ်စွာ နေထိုင်နိုင်ရေးမှာ အဓိကလိုအပ်ချက်ဖြစ်တဲ့အတွက် အီရန်နိုင်ငံမှာလည်း ဘာသာကွဲတွေ ဘယ်လိုအတူယှဉ်တွဲနေထိုင်တယ်ဆိုတာကို လေ့လာနိုင်ဖို့ ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ အဖွဲ့အစည်း ၂ခုက ကိုယ်စားလှယ်တွေကို အီရန်နိုင်ငံကို လာရောက်လေ့လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
ဒါ့အပြင် အီရန်နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်အတွက် အမေရိကန်ဒေါ်လာ ၁၀သန်းကို ထောက်ပံ့လှူဒါန်းသွားဖို့ ရှိတယ်လို့လည်း ဒီဆွေးနွေးပွဲမှာ အီရန်ပါလီမန်အမတ်တွေက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။