အခြေခံ ဥပဒေခုံရုံး ဥက္ကဋ္ဌ ဦးသိန်းစိုးက အခြေခံ ဥပဒေ ခုံရုံး ပြဿနာကို စုံစမ်း စစ်ဆေးရေးအတွက် ပြည်သူ့လွှတ်တော်က ဖွဲ့စည်းပေးခဲ့တဲ့ အဖွဲ့ဟာ မိမိတို့ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကို ပြစ်တင်စွပ်စွဲရန် လက်မှတ် ရေးထိုးခဲ့သူများ၊ ဒီကိစ္စအတွက် ပြည်ထောင်စု လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်မှာ တက်ကြွစွာ အဆိုတင်သွင်းသူနဲ့ ထောက်ခံခဲ့သူများ ဖြစ်တဲ့အတွက် ဘယ်လိုနည်းနဲ့မှ တရားမျှတမှု ရှိမယ်လို့ မမျှော်လင့်ကြောင်း စက်တင်ဘာ ၁ ရက်နေ့က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ စာရေးသားပြီး တင်ပြ ကန့်ကွက်ခဲ့ပါတယ်။
အခု ခုံရုံးစုံစမ်းရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော်က အသစ် ခန့်အပ်လိုက်တဲ့ ဦးသိန်းဆွေဟာ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင်မှာ ဒုတိယ ဥက္ကဋ္ဌတစ်ဦး ဖြစ်သလို ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်နေသူဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော် စုံစမ်း စစ်ဆေးရေး အဖွဲ့ဟာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကို ဒီကနေ့ စတင်ပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။