စုံစမ်းရေး ကော်မရှင်အဖွဲ့ စစ်တွေမြို့ ပထမဆုံးအကြိမ် ရောက်ရှိ

ပြီးခဲ့တဲ့ ဇွန်လအတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတကနေ ဖွဲ့စည်းတာဝန် ပေးထားတဲ့ စုံစမ်းရေး ကော်မရှင်အဖွဲ့ဟာ မနေ့ နေ့လည်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ကို ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့ပါတယ်။

စာရေးဆရာ မောင်ဝံသ ဖြစ်ပါသည်။
စာရေးဆရာ မောင်ဝံသ ဖြစ်ပါသည်။ (RFA)

အဲဒီအဖွဲ့ထဲမှာ မြန်မာနိုင်ငံ သာသနာရေး ဝန်ကြီးဌာနက ဒေါက်တာမျိုးမြင့်၊ စာရေးဆရာ၊ သတင်းစာဆရာ ဆရာ မောင်ဝံသ အပါအဝင် အဖွဲ့ဝင် (၂၀) ကျော် ပါဝင်ပါတယ်။

အခုခရီးစဉ်နဲ့ ပတ်သက်ပြီး စာရေးဆရာ မောင်ဝံသက RFA ကို အခုလို ပြောပါတယ်။

"ပြီးခဲ့တဲ့ ဖြစ်စဉ်တွေ ဖြစ်ခဲ့တဲ့ နေရာတွေ အစုံအလင်ပေါ့၊ အဲတာတွေသွားပြီးတော့ လေ့လာမယ်။ နောက်ပြီးတော့ တွေ့သင့်တဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့မယ်။ နောက်တခါ တွေ့ချင်ပါတယ် ဆိုပြီးတော့ တောင်းဆိုတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိနိုင်တယ်။ သူတို့နဲ့လည်း တွေ့ပါမယ်။ များသောအားဖြင့် နားထောင်မှာပေါ့။ ဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီးတော့ ပြောနိုင်တဲ့ ပုဂ္ဂိုလ်တွေ သူတို့ရဲ့ အမြင်တွေကိုလည်း နားထောင်မယ်။ သုတေသနအဖွဲ့တွေလည်း လာမယ်။ သုတေသနအဖွဲ့တွေ၊ survey လုပ်တဲ့ အဖွဲ့တွေ၊ သင်တန်းတွေ သေသေချာချာ ပေးနေပါတယ်"

ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဟာ ညနေ ၃ နာရီကျော်အချိန်မှာ လောကနန္ဒာ ဘုရားသိမ်ထဲမှာ စစ်တွေမြို့ပေါ်က မြို့နယ်သံဃာ့ နာယက ဆရာတော်ကြီးတွေနဲ့ တွေ့ဆုံပြီး အခုခရီးစဉ်နဲ့ ပတ်သက်တဲ့ ရည်ရွယ်ချက်တွေကို လျှောက်ထားခဲ့ပါတယ်။ အဲဒီနောက် ပြည်နယ်အစိုးရ အဖွဲ့ရုံးမှာ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ခဲ့တယ်လို့လည်း သိရပါတယ်။

နိုင်ငံတော် သမ္မတက ဖွဲ့စည်းပေးထားတဲ့ စုံစမ်းရေး ကော်မရှင်ဟာ ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ပထမဆုံး အကြိမ်အဖြစ် (၉) ရက်ကြာ လေ့လာ စုံစမ်းဖို့ ရောက်ရှိလာတာ ဖြစ်ပါတယ်။