မော်လမြိုင် ထောင်မှူးတွေကို အကျင့်ပျက်မှုနဲ့ စစ်ဆေးနေ

မွန်ပြည်နယ် မော်လမြိုင်အကျဉ်းထောင်ကို တွေ့ရစဉ်
မွန်ပြည်နယ် မော်လမြိုင်အကျဉ်းထောင်ကို တွေ့ရစဉ် (.)

မွန်ပြည်နယ် မော်လမြိုင်အကျဉ်းထောင် ထောင်မှူးနဲ့ ဒုတိယထောင်မှူးဟာ မူးယစ်ဆေးဝါးတွေ ရောင်းချနေတယ် ဆိုတဲ့သတင်းတွေ ထွက်တာကြောင့် နေပြည်တော် ဗဟိုအကျဉ်းဦးစီးက ခေတ္တခေါ်ယူ စစ်ဆေးနေကြောင်း နေပြည်တော် အကျဉ်းဦးစီးဌာနက သိရပါတယ်။

မူးယစ်ဆေး မတွေ့ရဘဲ တရားမဝင် ပစ္စည်းတွေ ထောင်ထဲမှာထားတာကို တွေ့ရပြီး အဖွဲ့ဖွဲ့ပြီး စစ်ဆေးနေတယ် လို့ နေပြည်တော်အကျဉ်းဦးစီးက အမည်မဖေါ်လိုသူ တာဝန်ရှိသူတစ်ဦးက ဒီကနေ့ ပြောပါတယ်။

"ကျနော်တို့ ရှာဖွေရေးလုပ်တဲ့အခါကျတော့ ကြိုးတွေတော့ နောက်ပြီးတော့ သံတိုသံစတွေရယ် နောက် ပြီးတော့ ငွေ ၁၅ သိန်းကျော်လောက်မိတယ်၊ ဒီပိုက်ဆံတွေကို ထောင်ထဲမှာသုံးခွင့်မရှိဘူးလေ၊ ဒီအပိုင်းနဲ့ ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ပြီးတော့ စစ်နေတာပေါ့"

မော်လမြိုင်ထောင်ပိုင် ဦးခင်မောင်ကြီးနဲ့ ဒုထောင်ကိုင် ဦးစိုးနိုင် တို့ကိုယ်တိုင် မူးယစ်ဆေးဝါးတွေကို သုံးစွဲရောင်းချနေတာကြောင့် နေပြည်တော်က ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးတွေမိခဲ့ပြီး ထောင်မှူးနဲ့ ဒုထောင်မှူးအပါအဝင် ထောင်ဝန်ထမ်းတွေကို ဘားအံအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ် လို့ ဖေ့ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မူးယစ်ဆေးဝါး ဖမ်းမိတယ်ဆိုတာကို ငြင်းဆိုပြီး ဖမ်းဆီးစစ်ဆေးတယ် ဆိုတာကိုသာ တာဝန်ကျအရာရှိက အတည်ပြုပါတယ်။

မော်လမြိုင်အကျဉ်းထောင်ကို ဆက်သွယ်ပေမယ့် ဆက်သွယ်မရတာကြောင့် အတည်မပြုနိုင်ပါဘူး။ လက်ရှိ မော်လမြိုင် အကျဉ်းထောင်တာဝန်ကို ဘားအံထောင်က ထောင်မှူးးက ပူးတွဲတာဝန် ယူထားပါတယ်။

ဒီထောင်ပိုင်နဲ့ ထောင်ဝန်ထမ်းတွေကို အကျဉ်းထောင်ဥပဒေနဲ့အညီ စစ်ဆေးအရေးယူသွားမယ်လို့ ပြောပါတယ်။