သတ်ဖြတ်ခံခဲ့ရတဲ့ အမျိုးသမီး ၈၅ ဦးကို ဂုဏ်ပြုကြောင်း ဗြိတိန်သံရုံးထုတ်ပြန်
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းချိန်ကစလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ သတ်ဖြတ်မှုကြောင့် အသက်ဆုံး ရှုံးခဲ့ရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ် ၈၅ ဦးကို ဂုဏ်ပြုကြောင်း ဒီနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက် ရေးနေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ထုတ်ပြန်လိုက် ပါတယ်။
အဲဒီအထဲမှာ ငြိမ်းချမ်းစွာဆန္ဒပြရင်း ပထမဦးဆုံး အသက်ဆုံးရှုံးခဲ့ရတဲ့ မမြသွဲ့သွဲ့ခိုင်လည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အမျိုးသမီးတွေအပေါ် ညှဉ်းပန်းနှိပ်စက်တာ၊ အဓမ္မပြုကျင့်တာနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေနဲ့ပတ်သက်တဲ့ အစီရင်ခံစာ အများအပြားရှိခဲ့ပြီး ကျူးလွန်သူတွေကို အရေးယူသွားနိုင်ရေး အတွက် ယူကေအစိုးရအနေနဲ့ သူတို့ရဲ့ နိုင်ငံတကာမိတ်ဖက်တွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ် လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် ယူကေအစိုးရအနေနဲ့ ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ မုဒိမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်တာကို 'မျဉ်းနီ' အဖြစ် သတ်မှတ်ရှုတ်ချပြီး အပြီးအပြတ်အဆုံးသတ်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ လုပ်ဆောင်ချက်မှာ ဦးဆောင်ဦးရွက်ပြုနေတယ်လို့လည်း ဆိုပါတယ်။
ဒီနေ့က စတင်တဲ့ ကျား၊ မ အခြေပြု အကြမ်းဖက်မှုဆန့်ကျင်ရေး ၁၆ ရက်တာ လှုပ်ရှားမှုမှာ အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုကို ထောက်ခံတဲ့အနေနဲ့ အချက် ၁၆ ချက်ကို သံရုံးက ဖော်ပြသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။